ရခိုင်ပြည်နယ်မှာ ဧပြီ ၂ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့် မြို့နယ်တချို့က ဆားလုပ်ကွင်းတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ များခဲ့တယ်လို့ ဆားတောင်သူတွေနဲ့ ဆားလုပ်ငန်းရှင်တွေက ပြောပါတယ်။
အခု မိုးရွာသွန်းခဲ့မှုကြောင့် ဆားကန်တွေ၊ ဆားကွင်းတွေနဲ့ အခုရက်ပိုင်းအတွင်း ကောက်ဖို့ ပြင်ဆင်ထားကြတဲ့ ဆားကြမ်းတွေရဲ့ ၅၀ ရာခိုင်နှုန်းခန့် ပျက်ဆီးသွားတယ်လို့ ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးနဲ့ ဆားလုပ်ငန်းရှင်တဦးဖြစ်သူ ဦးထွန်းကြွယ်က ပြောပါတယ်။
“မိုးက ဧပြီ ၂ ရက် နေ့လယ် ၁၂ နာရီကနေ နေ့လယ် ၁ နာရီကျော်အထိ ၁ နာရီကျော်လောက် သည်းထန်စွာရွာခဲ့တယ်။ ဆုံးရှုံးမှုတွေက တော်တော်လည်းကို များတယ်။ ဒီနှစ် တနှစ်စာ ကြိုးစားထားတဲ့ ဆားတွေက အခုလာမယ့် တလအတွင်း ကောက်မယ့်ဆားတွေ၊ တပတ်အတွင်း ရောက်မယ့် ဆားတွေ၊ အခု ဒီနေ့ကောက်ဖို့ လုပ်နေတဲ့ ဆားတွေလည်း ဒီမိုးမှာ တော်တော်လေးကို ထိသွားတယ်။ ပျက်စီးမှုကတော့ ဆားကွင်းတွေ တိုင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
ကျောက်ဖြူမြို့နယ်၊ ဂန့်ဂေါကျွန်းမှာ ဆားလုပ်ကွင်း ၂၂ ကွင်းရှိပြီး အကုန်လုံး မိုးထိပြီး ဆုံးရှုံးမှုတွေ ရှိကြတယ်လို့ သူက ပြောပါတယ်။
အခု ပျက်စီးသွားတဲ့ ဆားကွင်းတွေ ပုံမှန်ပြန်ဖြစ်ဖို့အတွက် နောက်ထပ် ၂ ပတ်လောက်အထိ အချိန်ယူရမှာဖြစ်ပြီး မိုးရွာရင် ဆားတောင်သူတွေအတွက် တော်တော်လည်း အထိနာတယ်လို့ ကျောက်ဖြူမြို့နယ်က ဆားတောင်သူတဦးက ပြောပါတယ်။
“ဆားကွင်းတွေတော့ တော်တော်လည်းကို ပျက်စီးသွားတယ်ဗျာ။ ဆားကန်တွေ၊ နေလှန်းပြီး ဆားခြစ်တော့မယ်၊ ဆားကြမ်းတွေနဲ့ ခုတင်ထဲ သွင်းတော့မယ်၊ ဆားတွေလည်း မိုးထိသွားကြတယ်။ ဒီဟာတွေ ပုံမှန်ပြန်ရဖို့ အနည်းဆုံး အချိန် ၂ ပတ်ကျော်လောက် လိုတယ်။ နွေမိုးရွာရင်တော့ ဆားတောင်သူတွေရဲ့ လုပ်ငန်းတွေလည်း တော်တော်လည်းကို အထိနာတယ်” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်က ထုတ်လုပ်တဲ့ ဆားတွေမှာ ပင်လယ်ရေကို သန့်စင်ပြီးမှ ဆားလုပ်ကွင်းတွေမှာ နေလှန်ဆားအဖြစ် ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ဆားထုတ်လုပ်တဲ့ ထုတ်ကွက်ဧက ၁၀၀၀ ကျော်ရှိပြီး ကျောက်ဖြူမြို့နယ်မှာ အများဆုံးထုတ်လုပ်ကာ စစ်တွေ၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တွေမှာလည်း ထုတ်လုပ်ကြပါတယ်။