မန္တလေး၊ ချမ်းအေးသာဇံမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွေမှာ ၂ လုံး၊ ၃ လုံး ရောင်းချတာနဲ့ တခြားလောင်းကစားတွေကို ကျောင်းအတွင်း လုပ်ကိုင်ခွင့်ပြုပါက ကျောင်းထိုင်ဆရာတော်ကို အရေးယူမယ်လို့ မန္တလေးမြို့နယ်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ပါတယ်။
မြို့နယ်သံဃမဟာနယက(သာ/ထိန်းအဖွဲ့)မှ ဆရာတော်တပါးက "ဘုန်းကြီးကျောင်းဝင်းထဲမှာ ကျောင်းထိုင် ခွင့်ပြုချက်နဲ့ နှစ်လုံးသုံးလုံးဒိုင် ဖွင့်လှစ်ရောင်းချနေတဲ့အပြင် တခြား လောင်းကစား နည်းတွေပါ ပြုလုပ်နေတယ်လို့ ရပ်ကွက်က ဒါယကာတွေက ဘုန်းကြီးတို့ မြို့နယ်သံဃအဖွဲ့အစည်း ကိုလာတိုင်တာတွေ ရှိတယ်"လို့ မိန့်ကြားပါတယ်။
အခုလို ကျောင်းဝင်းထဲ လောင်းကစားပွဲတွေ ခွင့်ပြုပေးမှာ မဟုတ်ကြောင်းနဲ့ ဖွင့်ခွင့်ပြုထားတဲ့ ကျောင်းထိုင်ဆရာတော်တွေကို နိုင်ငံတော်သံဃမဟာနယကရဲ့ ထုတ်ပြန်တဲ့ညွှန်ကြားချက်နဲ့အညီ အရေးယူမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
"ချမ်းအေးသာဇံမြို့နယ်မှာရှိတဲ့ လောင်းကစားတာ ဖွင့်ခွင့်ပြုထားတဲ့ ဘုန်းကြီးကျောင်း တချို့က ကျောင်းထိုင်ဆရာတော်တွေကို မြို့နယ်သံဃနာယက အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ဆေးအရေးယူ သွားမယ်။"
လောင်းကစားလုပ်တာ စစ်ဆေး ပေါ်ပေါက်ရင် ကျောင်းတိုက်အတွင်းကနေ ထွက်ခွာခိုင်းတာတွေနဲ့ တခြားအရေးယူတာတွေ ရှိတာကြောင့် ချမ်းအေးသာဇံမြို့နယ်မှာရှိတဲ့ ကျောင်းထိုင်ဆရာတော်တွေအနေနဲ့ လောင်းကစားဒိုင်တွေ ဖွင့်လှစ်ခွင့် မပေးဖို့လည်း သတိပေး မေတ္တာရပ်ခံထားပါတယ်။