စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ရှိ စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံရတဲ့ကျေးရွာက စစ်ရှောင်ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေလို အပ်နေတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။
အဲဒီရွာဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လက စာသင်ကျောင်းအပါအဝင် မီးရှို့ခံခဲ့ရတာဖြစ်ပြီး အသက် ၅ နှစ်ကနေ ၁၅ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် ၂၂၀ ကျော် စာသင်ကြားခွင့် မရခဲ့တဲ့အကြောင်းနဲ့ အခုအခါ စာသင်ဖို့ ဆရာ၊ဆရာမ လုံလောက်မှု ရှိပေမဲ့ စာရေးကိရိယာနဲ့ စာရေးစားပွဲတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
S&C အဖွဲ့တာဝန်ရှိသူက "အခုမှ ပြန်လည်ထူထောင်တာဆိုတော့ စာသင်ကြားပေးနေတာက မကြာသေးဘူး။ အခုက စာသင်ခုံတွေနဲ့သင်ထောက်ကူပစ္စည်းတွေ အဓိကလိုနေတာပေါ့။ ဆရာ၊ ဆရာမကတော့ အနီးနားကျေးရွာတွေက CDM တွေနဲ့ ဘွဲ့ရပြီးသား လူငယ်တွေဝိုင်းဝန်း သင်ကြားပေးနေတယ်”လို့ ပြောပါတယ်။
လတ်တလော စာသင်ကြားရာမှာလည်း အဖီဆွဲကာ သင်ကြားနေရတာဖြစ်ပြီး မိုးဒဏ်လေဒဏ် ခံနိုင်ရည် မရှိတာကြောင့် ကျောင်းဆောက်လုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အခုချိန်မှာ မူလတန်းကနေ အလယ်တန်းထိ စာသင်ကြားပေးနေပြီး အခုလို ပြန်လည် ထူထောင်ရေးအတွက် ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေအနေနဲ့ ဝိုင်းဝန်း ကူညီပေးကြဖို့လည်း S&C အဖွဲ့မှတာဝန်ရှိသူက မေတ္တာရပ်ခံထားပါတယ်။