Home
မြန်မာသတင်း
စက်သုံးဆီဈေး မြင့်တက်သဖြင့် ဟုမ္မလင်းက ရွှေမျောလုပ်ကိုင်သူများ တွက်ခြေမကိုက်
DVB
·
April 1, 2023
338700012_1579340789239535_5801821116951386961_n

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲမှာ ရွှေမျောလုပ်ကိုင်သူတွေအနေနဲ့ စက်သုံးဆီဈေးနှုန်းတွေ အဆမတန် ကြီးမြင့်လာတဲ့အပြင် ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် တွက်ခြေမကိုက်ကြဘူးလို့ ရွှေမျောလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

အရင် အာဏာမသိမ်းခင်ကာလက ဒီဇယ်တပေပါကို ၇ သောင်းခွဲကနေ ၂ သိန်းခွဲအထိ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ဒီဇယ်တပေပါကို မြန်မာကျပ်ငွေ ၇ သိန်းခွဲနှုန်းထိ ရှိလာတဲ့အပြင် ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ဆက်လက်လုပ်ကိုင်ဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက ထွက်ရှိတဲ့ ရွှေတွေကို နီးစပ်ရာမြို့ရဲ့ ရွှေဆိုင်တွေမှာ အရောင်းအဝယ် လုပ်ကြပြီး အာဏာမသိမ်းခင်က ရွှေတရွေးကို မြန်မာငွေ ၁၁,၀၀၀ ဝန်းကျင်သာ ရှိခဲ့ပြီး လက်ရှိမှာတော့ ရွှေတရွေးကို မြန်မာငွေ ၂၄,၀၀၀ ဝန်းကျင်အထိ ဈေးတက်လာခဲ့ပေမဲ့ တွက်ခြေမကိုက်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံလုပ်ငန်းရှင်တွေဆီကနေလည်း SNA လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်ခံတာတွေ၊ လစဉ် အခွန်ဆောင်ခိုင်းတာတွေအပြင် လက်နက်ပြ ခြိမ်းခြောက်မှုတွေကြောင့် တချို့မျောလုပ်ငန်းတွေက ဆက်လက်မလုပ်ကိုင်နိုင်တော့ဘဲ ရပ်နားထားရသူတွေလည်း ရှိတယ်လို့ ရွှေမျောလုပ်ငန်း ရပ်နားထားတဲ့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီဒေသတခုလုံးမှာတော့ ရွှေမျောလုပ်ငန်းကို အဓိကစီးပွားရေးတခုအနေနဲ့ လုပ်ကိုင်နေကြပြီး ရရှိလာတဲ့ရွှေတွေကို နီးစပ်ရာ ရွှေဆိုင်တွေကနေတဆင့် ပြန်လည်ရောင်းချနေတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024