စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ မြို့နယ် ပကဖ၊ PDF၊ LDF တော်လှန်ရေးအင်အားစုတွေက ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်မှာ မတ်လ ၃၁ ရက်က စစ်တပ်ထုတ်ကုန် ဘီယာဘူး ၁၀,၀၀၀ ကျော်ကို ဖမ်းဆီးဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးထံက သိရပါတယ်။
စစ်ကောင်စီ အကြမ်းဖက်အုပ်စုနဲ့ မိသားစုဝင်တွေ၊ သူတို့ရဲ့ ဒေါက်တိုင် အကျိုးတူ စီးပွားရေးသမားတွေ ပိုင်ဆိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ MEC က ထုတ်လုပ်တဲ့ Dagon အမှတ်တံဆိပ် ဘီယာဂျပ်ဖာ ၅၃၂ ဖာ၊ ဘူးပေါင်း ၁၂,၇၆၈ ဘူးကို ဖမ်းဆီးခဲ့ပြီး အားလုံးကို သိမ်းဆည်းရမိတဲ့ နေရာမှာပဲ ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ မိသားစုတွေ၊ သူတို့နဲ့ အကျိုးတူစီးပွားဘက် စစ်ကောင်စီ ဒေါက်တိုင်တွေရဲ့ ထုတ်ကုန်ပစ္စည်းတွေက အမြတ်အစွန်း၊ ငွေကြေးတွေဟာ စစ်ကောင်စီရဲ့ လူသတ်လက်နက်တွေကို ကျည်ဖြည့်တင်းပေးနေတဲ့အတွက် စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်ကြဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံ နှိုးဆော်တိုက်တွန်းထားပါတယ်။