NLD အစိုးရလက်ထက်က ရန်ကုန်မြို့နဲ့ နိုင်ငံတော်ဓာတ်အားပေးစနစ်ထဲ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးဖို့ ရောက်ရှိခဲ့တဲ့ ဟောင်ကောင်အခြေစိုက် V-Power Energy Group ရဲ့ LNG ဓာတ်ငွေ့သုံး ဓာတ်အားဖြန့်ဖြူးရေးသင်္ဘောဟာ ရန်ကုန်မြို့ကနေ ဒီနေ့ ပြန်လည်ထွက်ခွာသွားပြီလို့ သိရပါတယ်။
အဲဒီသင်္ဘောဟာ နိုင်ငံတော်အဆင့်လျှပ်စစ်ဓာတ်အားဝယ်ယူရေးလုပ်ငန်းတင်ဒါအောင်မြင်ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
"လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ဖြန့်ဖြူးရေးတွေ အားလုံးပြင်ဆင်ပြီးကာမှ အာဏာသိမ်းခံရတယ်။ လုပ်ငန်းတွေဆက်မရဘူး။ စကစ က အဲဒီစီမံကိန်းကနေ နိုင်ငံခြားငွေကုန်မှာကြောက်ပြီး လှည့်မကြည့်ခဲ့ဘူး။ ဒီနေ့တော့ သင်္ဘောက ပြန်ထွက်သွားတယ်။ စကစနဲ့ စာချုပ်စာတမ်း ဘယ်လိုညှိလဲမသိဘူး" လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနသတင်းအရင်းမြစ်တဦးက ပြောပါတယ်။
V-Power Energy Group ရဲ့ CNTIC V-Power လျှပ်စစ်ဓာတ်လုပ်ပေးနိုင်တဲ့ သင်္ဘောဟာ တရက်ကို မဂ္ဂါဝပ် ၇၅၀ အထိ ထုတ်လွှတ်ပေးနိုင်မှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ကစလို့ စီမံချက်ကာလ ၅ နှစ်သတ်မှတ်ထားကြောင်း မူလထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီသင်္ဘောဟာ ၂ နှစ်ကျော်အကြာမှာပဲ သီလဝါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာသွားခဲ့တာကြောင့် မူလရည်ရွယ်ချက်တွေပါ အဆုံးသတ်သွားခဲ့တာပါ။
လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ဖြန့်ဖြူးရေး ပြင်ဆင်နေစဥ်မှာ စစ်အာဏာသိမ်းခံရပြီးနောက် စီမံကိန်းပျက်သွားခဲ့ကာ သင်္ဘောဟာ သီလဝါဆိပ်ကမ်းမှာ သောင်တင်နေခဲ့တာဖြစ်ပြီး အခုလို ပြန်လည်ထွက်ခွာသွားရတာ နဲ့ ပတ်သက်လို့ ကုမ္ပဏီဘက်က တစုံတရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံခြားငွေကုန်ကျမူကို ချွေတာနေရတာကြောင့် လျှပ်စစ်မီးလင်းရေးကို အလေးမထားခဲ့ပေမဲ့ လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထား ပြေးဆွဲရေးကိုတော့ တစိုက်မက်မက်ပြောဆိုနေပါတယ်။