Home
မြန်မာသတင်း
မန္တလေးတွင် ရွှေဆိုင် ဓားပြတိုက်ခံရ
DVB
·
March 29, 2023
338018405_765529201543257_1756189525340043699_n

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅ အေ လမ်း၊ ၃၁×၃၂ လမ်းကြားရှိ စိန်ကျော်မိုး ရွှေသန့်စင်ရောင်းဝယ်ရေးဆိုင်ကို မတ်လ ၂၇ ရက် ညနေပိုင်းက ကားတစီးနဲ့ လူ ၄ ယောက်က သေနတ်ပစ်ဖောက် ဓားပြတိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီညနေ ၅ နာရီလောက်က စိန်ကျော်မိုးရွှေဆိုင်က‌နေ စိန်သရဖူ ရွှေသန့်စင်ရောင်းဝယ်ရေးက ဝန်ထမ်းအမျိုးသား ၂ ဦးက ရွှေဖိုးငွေ လာ‌တောင်းတာဖြစ်ပြီး စိန်သရဖူ ဟိုက်ဂျက်ကား အနောက်ခန်းကို ရွှေရောင်းရငွေ ကျပ်သိန်း ၃၀၀ တန် ၅ ထုပ်ကို ကားပေါ်တင်နေတာပါ။

ညနေ ၅ နာရီ ၁၅ မိနစ်လောက်မှာ ဓားပြ ၄ ဦးက အနက်ရောင် နစ်ဆန်မာ့ခ်ျ အိမ်စီးကား YGN 5D-2975 နဲ့ လာရောက်ကြတာဖြစ်ပြီး‌ ကားပေါ်က ၃ ယောက် ဆင်းလာကာ သေနတ် ၂ ချက်ပစ်ဖောက်ပြီး စိန်သရဖူဟိုက်ဂျက်ပေါ်က ကျပ်သိန်း ၃၀၀ တန် ၄ ထုပ် စုစုပေါင်း ကျပ်သိန်း ၁,၂၀၀ ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ရွှေဆိုင်နဲ့နီးစပ်သူတဦးက“ဖြစ်တာက စိန်သရဖူက ရွှေဖိုး သိန်း ၁,၅၀၀ လာယူတော့၊ ဆာလာအိတ်နဲ့ ၅ ထုပ်ချထားတာ၊ ကားရောက်‌တော့ တင်နေတုန်းပဲရှိသေးတယ်။ ဘေးမှာ ကားထိုးရပ်ပြီး အိတ်တွေဆွဲယူတာ။ ခြောက်လုံးပြူးတလက် ပစ္စတိုနှစ်လက် ပါတယ်၊ မိုး‌ပေါ် ၂ ချက်ပစ်သွားတာ။ လူထိခိုက်မိတာတော့ မရှိပါဘူး။ သူတို့ကားက ၃၁ လမ်းဘက် ပြန်ဆင်းသွားတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

ဓားပြတွေက ၈၅ အေ လမ်းကနေ ၃၁ လမ်းဘက်ကို မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပြီး အဲဒီညနေ ၆ နာရီ မိနစ် ၅၀ လောက်မှာ ၄ ဦးပါ ဓားပြအဖွဲ့ကို စစ်ကောင်စီ မန္တလေးရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ပြောနေပေမဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက် နေ့လယ်ပိုင်းကလည်း စိန်ကျော်မိုး ရွှေသန့်စင်ရေးဆိုင်ကို ဆိုင်ကယ်စီးဓားပြအဖွဲ့က သေနတ်ထုတ်ပြီး လုယက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ကျပ်သိန်း ၂၀၀ ခန့် ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မတ်လ ၂၇ ရက် ညနေပိုင်းက စိန်ကျော်မိုး ရွှေသန့်စင်ဆိုင်ကို ဓားပြတိုက်တဲ့အဖွဲ့ကို စစ်ကောင်စီဘက်က နာရီပိုင်းအတွင်း ဖမ်းမိခဲ့ပေမဲ့ မတ်လ ၁၂ ရက် ဒေါ်တောမုန့်တီဆိုင် ဓားပြမှုနဲ့ မတ်လ ၁၄ ရက်က မြရည်နန္ဒာရပ်ကွက်က ကုန်စုံဆိုင် အနုကြမ်းစီးမှု တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024