ပြီးခဲ့တဲ့ ၅ ရက်အတွင်း အိန္ဒိယရူပီး ၂၃ သိန်းခန့် တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေနဲ့အတူ မီဇိုရမ်ပြည်နယ်မှာ ဖမ်းဆီးရရှိခဲ့တဲ့ ၁၁ ယောက်ထဲမှာ မြန်မာနိုင်ငံသား ၃ ယောက် ပါဝင်ကြောင်း မတ်လ ၂၈ ရက်မှာ အိန္ဒိယရဲက ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က စတင်ကာ အိုင်ဇောနဲ့ ဆာချိပ်ခရိုင်တွေအတွင်းက နေရာ ၇ နေရာမှာ စီးနင်းရှာဖွေခဲ့ပြီးနောက် ၉၁၃ ဒသမ ၈ ဂရမ် အလေးချိန်ရှိတဲ့ ဘိန်းဖြူတွေကို မီဇိုရမ်ပြည်နယ်၊ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများနှင့် အခွန်စည်းကြပ်ရေးဌာနက ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆာချိပ်ခရိုင်အတွင်းက မူးယစ်နှိမ်နင်းရေး စီးနင်းရှာဖွေမှုတွေအတွင်း ဘိန်းဖြူ ၄၃၄ ဂရမ်နဲ့အတူ ဒေသခံ ၇ ယောက်ကို ဖမ်းဆီးရရှိခဲ့ပြီး အိုင်ဇောခရိုင်အတွင်းက စီးနင်းရှာဖွေမှုတွေမှာတော့ ဘိန်းဖြူ ၃၄၆ ဂရမ်နဲ့အတူ မြန်မာနိုင်ငံသား ၃ ယောက် အပါအဝင် ၄ ယောက်ကို ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၃ ယောက်နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဖမ်းဆီးရရှိထားသူတွေကို မူးယစ်ဆေးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဥပဒေနဲ့ တရားစွဲဆိုထားတယ်လို့ သက်ဆိုင်ရာကပြောကြောင်း အိန္ဒိယအခြေစိုက် Outlook သတင်းမှာ ဖော်ပြထားပါတယ်။