စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ဟာ ဒီနေ့ မတ် ၂၈ ရက်နေ့က နေပြည်တော်မှာ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ အပစ်ရပ် ၇ ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံပွဲကို အပစ်ရပ် ၇ ဖွဲ့က အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စဝ်စိုင်းငင်း(RCSS)၊ ဒုတိယခေါင်းဆောင်တွေဖြစ်တဲ့ စောမြရာဇာလင်း (ALP)၊ နိုင်အောင်မငေး (NMSP) အပါအဝင် အဖွဲ့ဝင် ၅ ဦးနဲ့ အထောက်အကူပြု ကိုယ်စားလှယ် ၅ ဦး၊ စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၇ ဦးအဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့တာပါ။
တွေ့ဆုံပွဲမှာ အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေး ညှိနှိုင်းရေးအဖွဲ့က သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းတရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ ဖက်ဒရယ်အခြေခံမူတွေ စတဲ့ အကြောင်းအရာတွေ တင်ပြဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်ကတော့ ဒီတွေ့ဆုံမှုဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကနဦး ကြိုးပမ်းမှု ဖြစ်ပြီး ရပ်ဆိုင်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်နိုင်ဖို့ လုပ်ဆောင်တာလို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီနဲ့ အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ဟာ ဒုတိယနေ့အဖြစ် လာမယ့် မတ် ၂၉ ရက်နေ့မှာ ထပ်မံဆွေးနွေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ အလွတ်သဘောဆွေးနွေးမယ့် အပစ်ရပ် EAOs ၇ ဖွဲ့ထဲမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ပါဝင်ပါတယ်။
ဒီအပစ်ရပ် ၇ ဖွဲ့ဟာ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၃ ကြိမ်တိုင် တက်ရောက် ဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ တကြိမ်မှ ဖြစ်ပွားထားခြင်း မရှိပါဘူး။