တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စုရှိ ကျေးရွာတွေကို စစ်ကောင်စီ တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် ရွာသားတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုလောမြို့နယ်အတွင်းမှာ စစ်ကောင်စီဘက်က ရိက္ခာဖြတ်တောက်မှုတွေ ရှိနေပြီး ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ပုလောမြို့နယ်ထဲက ပုလောကုန်း၊ နတ်အိမ်တောင်၊ တောင်ပုလဲ၊ ဝက်တိုး၊ ရှမ်းဒွတ်၊ နန်းတောင်၊ မှော်မိနဲ့ ဂျင့်ကာရွာရှိ ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက်ဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ ဥယျာဉ်တွေထဲကို ထွက်ပြေး စစ်ဘေးရှောင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်သားတွေဟာ နတ်အိမ်တောင်ရွာသား နှစ်ယောက်ကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအနီးမှာ မတ် ၂၄ ရက်က စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတိုက်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နတ်အိမ်တောင်ရွာက နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ရပ်ကွက်တချို့မှာ မတ်လ ၁ ရက်နေ့ကစပြီး သောက်သုံးရေ ရှားပါးလာတဲ့အတွက် ရေအခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “သောက်သုံးရေက နွေကာလမှာဆို နှစ်စဉ်ဖြစ်တာပါ။ အဓိကကတော့ ပင်လယ်ရေနဲ့ နီးစပ်တဲ့ ရပ်ကွက်တွေမှာ သောက်သုံးရေ အခက်အခဲတွေဖြစ်တာပါ”လို့ ပြောပါတယ်။
မြိတ်မြို့ပေါ်ရှိ ရေပုန်း၊ အင်းလေးကမ်း၊ အင်းလေးမြိုင်နဲ့ ရာပြည့်ရပ်ကွက်တွေမှာ သောက်သုံးရေနဲ့ ပတ်သက်ပြီး ဒေသခံများအခက်အခဲ ဖြစ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ကူညီပေးနေသူအမျိုးသားတဦးက “ရေပုန်းနယ်မြေမှာတော့ ရေရှားတာဟာ နှစ်တိုင်းဖြစ်တာပါ။ ၃ လပိုင်းလစ နွေကာလရောက်ရင် ဖြစ်တာပါ။ သောက်သုံးရေ လုံးဝအခက်အခဲဖြစ်လို့ ကျနော်တို့လည်း လလယ်လောက်ကစပြီး ကူပေးဖြစ်တာပါ။ ၂၃ ရက်၊ ၂၄ ရက်နဲ့ ၂၅ ရက်နေ့မှာ ရေဂါလံပေါင်း ၁၄၄၀၀ ပေးဝေပေးခဲ့ပြီး ဒီနေ့မှာ ဂါလံ ၅၄၀၀ ထပ်ဝေပေးဖြစ်တယ်”လို့ ပြောပါတယ်။
ကိုယ်ပိုင်ရေကားမရှိတာနဲ့ လောင်စာဆီဈေးကြီးတာကြောင့် လာမယ့် ၄ လပိုင်းအတွက် အခက်အခဲတွေဖြစ်နေလို့ တတ်နိုင်တဲ့သူများ လှူဒါန်းပေးကြဖို့ အကူအညီပေးနေသူတွေက မေတ္တာရပ်ခံထားပါတယ်။