ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာရှိ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနခွဲမှာ မတ်လ ၂၇ ရက် ဒီနေ့ မနက်က ဗုံးနှစ်လုံးဆင့်ကာ ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနခွဲ မြင်းမွေးမြူရေးခြံ၊ အနောက်ဘက်ရှိ မြောင်းတကာနဲ့ ကြက်ဖြူကန်ကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်မှာ ဗုံးပေါက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဗုံးက နှစ်လုံးဆင့်ပေါက်တာ စစ်တပ်က ဗုံးပေါက်ပြီးမှ ရောက်လာတာ တာဝါတိုင်က ပြိုကျသွားတယ် စစ်တပ် ရောရ်လာပြီး အဲ့နားမှာ ဗုံးလေးလုံးထပ်တွေ့သေးတယ်" လို့ပြောပါတယ်။
ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်လာပြီးရှာဖွေခဲ့ရာ မပေါက်သေးတဲ့ လက်လုပ်ဗုံး ၄ လုံးကို တွေ့ရှိခဲ့တယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
"ဗုံးပေါက်တာ ၆ နာရီ အဲ့မှာရှိတဲ့သူတွေက စစ်တပ်ကိုလှမ်းခေါ်တော့ ရွာသားတွေလည်း သွားမကြည့်ရဲဘူးသေတာ ဒဏ်ရာရတာ ဘယ်သူမှမသိဘူး"လို့ ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ မှော်ဘီ-မြောင်းတကာ ကားလမ်းမတလျှောက် စစ်ဆေးနေတဲ့အပြင် ကုလားကုန်းကျေးရွာမှာလည်း စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။