စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ယောက်နဲ့ ဝန်ထမ်းအကြီးအကဲ ၂ ယောက် သေဆုံးတယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။
မတ် ၂၄ ရက် မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေဟာ မန္တလေးမြို့ထဲကို ဝင်ရောက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ရဲ့ ယာဉ်တန်းကို မိုင်းခွဲခဲ့တာပါ။
မန္တလေးမြို့လယ်ခေါင် တိုင်းအစိုးရအဖွဲ့ရုံးနားမှာပဲ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဉ်တန်းက မော်တော်ယာဉ်တွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကြေညာချက်ထုတ်ပြန်တဲ့ အချိန်အထိ စစ်သား ၁၂ ယောက်၊ ဝန်ထမ်းအကြီးအကဲ ၂ ယောက် ပွဲချင်းပြီးသေဆုံးတာကို အတည်ပြုနိုင်တယ်လို့လည်း ဆိုပါတယ်။
"စစ်ဆင်ရေးမှာတော့ ကျနော်တို့ဘက်က ထိခိုက် ဒဏ်ရာရတာ တစုံတရာမရှိခဲ့ပါဘူးဗျ။ လောလောဆယ် အတည်ပြုပြီး ရန်သူ ၁၂ ယောက်ကျပါတယ်။ ထပ်သိရတာတော့ မရှိသေးပါဘူးဗျ" လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမျိုးအောင်ရဲ့ နောက်ဆုံးအခြေအနေကိုလည်း စုံစမ်းထောက်လှမ်းနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ရဲ့ စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။