မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရအစီအစဉ်နဲ့ ဘင်္ဂလာဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀၀၀ ကျော်ကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေရာမှာ မြန်မာသို့ နေရပ်ပြန်လာချင်သူ ၁၀၀ စာရင်းသာ ရရှိတယ်လို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ထံက သိရပါတယ်။
နေရပ်ပြန်ဖို့ စာရင်းပေးထားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အိမ်ထောင်စုပေါင်း ၇၀ ဆယ်ကျော်၊ လူဦးရေ ၁၀၂၈ ဦးအနက် လူ ၄၀၀ လောက်က နေရပ်ပြန်ချင်ပေမဲ့ တကယ်တမ်းမှာ လူ ၁၀၀ လောက်ကသာ နေရပ်ပြန်ဖို့ သဘောတူခဲ့တယ်လို့ မတ် ၁၅ ရက်မှ မတ် ၂၁ အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်ခဲ့တဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"ဘင်္ဂလားအစိုးရက စာရင်းပေးထားသူ အားလုံး ၁၀၂၈ ဦးပေါ့။ သူတို့ကို သွားရောက်စစ်ဆေးတဲ့ အခါ ၄၀၀ လောက်က မြန်မာကိုပြန်လာချင်ကြတယ်။ ဒါပေမဲ့ သူတို့ အသတ်ခံရမှာကို ကြောက် နေကြတယ်လို့ပြောကြတယ်။ မြန်မာကိုပြန်ချင်တဲ့သူတွေ အသတ်ခံနေရတယ်လို့ပြောကြတယ်။ လူ ၁၀၀ ကတော လုံးဝပြန်လာမယ်လို့ကတိပေးထားတယ်။”
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မြန်မာဘက်ပြန်လိုသူတွေကို မပြန်ဖို့ တားဆီးတာတွေရှိနေသလို သူတို့စကားနားမထောင်ပါက သတ်ဖြတ်မှုတွေပါရှိနေတာကြောင့် မြန်မာဘက်က ပြန်လည်လက်ခံရေး အစီအစဉ်တွေလုပ်နေပေမဲ့ တစ်ဦး တစ်ယောက်မှ ပြန်မလာရဲကြဘူးလို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲဝင်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်တွေ ပြန်လည်လက်ခံရေးအတွက် မြန်မာကျပ်ငွေ ၅ ဘီလီယံ အကုန်ကျခံကာ စစ်ကောင်စီဘက်က ပြင်ဆင်ထားပြီး Pilot Project (ရှေ့ပြေးစမ်း သပ်စီမံကိန်း)မှာ မွတ်ဆလင်ဦးရေ ၁,၅၀၀ လောက် ပြန်လည်လက်ခံဖို့ စီစဉ်ထားကြောင်း စစ်ကောင်စီပြန်ကြားရေးသတင်းမှာ ရေးသားဖော်ပြထားပါတယ်။
ပြန်ဝင်လာသူတွေကို မောင်တောတောင်ပိုင်း ကျေးရွာဟောင်းတွေမှာ ပြန်လည်နေရာချထားမှာ မဟုတ်ဘဲ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာဟောင်း ၁၅ ရွာမှာ နေရာချထားပေးမယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက မြန်မာ့အလင်းသတင်းစာကို ပြောထားပါတယ်။
ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး "မောင်တော မြောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၁၅ ရွာမှာ မြေကွက်တွေ ရိုက်ထားပါတယ်။ သူတို့ ပြန်လည်လုပ်ကိုင်စားသောက်ဖို့အတွက် အဲဒီအနီးမှာ လယ်ယာမြေတွေလည်း အဆင်သင့်ရှိပါတယ်။ သူတို့ အသက်မွေးဝမ်းကျောင်းအတွက် ရေတိုရေရှည် ပြန်လည်လုပ်ကိုင်စားသောက်ဖို့ စီစဉ်ထားပါတယ်”လို့ ပြောပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ ရိုဟင်ဂျာတွေကို လူသတ်ကွင်းဆီ ပြန်မပို့ဖို့ တောင်းဆိုထားပါတယ်။