ကချင်ပြည်နယ်၊ ပူတာအိုဒေသထွက်၊ ဂရိတ်ဖရုသီးစျေးကွက်ဟာ ကိုဗစ်ကာလ လွန်မြောက်ပြီးတဲ့ နောက် သယ်ယူစရိတ်ကြီးလာပေမဲ့ အရောင်းသွက်ဆဲဖြစ်နေတယ်လို့ သစ်သီးဈေးကွက်က စုံစမ်းသိရပါတယ်။
နှစ်ပေါင်းများစွာ ဂရိတ်ဖရုသီးရာင်းချသူ အမျိုးသမီး တဦးက “ကိုဗစ်ကာအချိန်တုန်းက အသီးအနှံ များများ စားရမယ်ဆိုလို့ ရန်ကုန်နဲ့ မန္တလေးက ခြင်းလိုက် လာဝယ်ကြတယ်။ ခုတော့ ပုံမှန် အခြေအနေ ပြန်ဖြစ်နေပါပြီ”လို့ ဆိုပါတယ်။
ပူတာအိုက ရွာတွေမှာ ဂရိတ်ဖရုတွေကို ဝယ်ရောင်းလုပ်သူတွေက ဖောက်သည်ဝယ်ကြတာလို့ သိရပြီး ရက်အလိုက် ဆိုင်အလိုက် ရောင်းအား မတူပေမဲ့ ကျပ် ၂ သိန်းဖိုးကနေ ၅ သိန်းဖိုး အထိရောင်းကြရပြီး ခြင်းလိုက် ဝယ်ယူတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဂရိတ်ဖရုရောင်းတဲ့နောက်ထပ် အမျိုးသမီး တဦးက “အရင်က ၁လုံးကို ၃၀ ပဲ ပေးရတာ။ ခုက ၈၀ ဖြစ်သွားတယ်။ ကားတစ်စီးမှာ အလုံးရေ တစ်သောင်းတော့ တင်လို့ရတယ်။ ခုက အပစ်အခတ်တွေကြောင့် ကားသမားတွေသိပ် မတက်ရဲလို့ တက်ရဲတဲ့ ကားသမားတွေကို စျေးပိုပေးတင်ရတယ်”လို့ ဆိုပါတယ်။
အရင်က အသီးတွေကို ရာသီပေါက်ဈေးအတိုင်း ပို့ဆောင်စရိတ် ပုံမှန်နှုန်းနဲ့ သယ်ယူ ရောင်းချနိုင်ပေမဲ့ အခုအခါမှာတော့ စက်သုံးဆီဈေးကြီးတာနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ပို့ဆောင်စရိတ်တွေ ကြီးမြင့်လာတယ်လို့ သစ်သီးရောင်းသူတွေက ပြောပါတယ်။
ပူတာအိုမှာ ဝိုင်၊ ယို၊ ပျားရည်နဲ့ ဘုရင်သီးတွေကိုလည်း ရရှိနိုင်သလို ကျောက်ကြမ်းပိုး၊ မချစ်ဥ၊ ရှီးပတီးနဲ့ ဂျင်စင်းမြစ်အပါအဝင် တောင်ဆိတ်အဆီ ဒဏ်ကြေလိမ်းဆေးနဲ့ တခြား ရှားပါး ဆေးအမယ်စုံတွေလည်း ရနိုင်ပါတယ်။