မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ မတ်လ ၂၃ ရက်က စစ်ဘေးရှောင်ပြည်သူ ၄၀ ကျော်နဲ့ ကျောင်းသား ကျောင်းသူ ၈၀ ကျော်ကို အခမဲ့ နယ်လှည့်ဆေးဝါးကုသပေးခဲ့တယ်လို့ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ရဲ့ ဆေးဘက်ဆိုင်ရာတာဝန်ခံ ကိုမင်းခေါင်က ဒီဗွီဘီကို ပြောပါတယ်။
“အခုလောလောဆယ် ကျေးရွာ ၈ ရွာလောက်မှာ အများဆုံးဖြစ်နေတာကတော့ ၅ နှစ်အောက် ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်။ အဲဒါကြောင့်မို့ ကျနော်တို့အဖွဲ့တွေ ကွင်းဆင်းကာ အခမဲ့ စမ်းသပ်ကုသတာတွေ ပြုလုပ်ပေးခဲ့ကြတာ။ ကျနော်တို့ ပေါက်တောင်ပိုင်း ကျန်းမာရေးစင်တာလေးကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ စတင်ဖွင့်လှစ်ခဲ့ပြီး နယ်လှည့်ကုသတာတွေမပါဘဲ ပြင်ပလူနာဌာနမှာ ကုသပေးတဲ့ လူနာအရေအတွက် ၄,၀၀၀ ကျော်လောက်ရှိပြီး ကျေးရွာ ၃၆ ရွာက လူဦးရေ ၃၀,၀၀၀ ဝန်းကျင်လောက်အထိ မှီခိုနေကြတာ။”
ဆေးဝါးသယ်ယူရတဲ့နေရာမှာလည်း အခက်အခဲတွေရှိနေပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်းမှာ အလှူရှင်တွေဆီက လှူဒါန်းလိုက်တဲ့ ဆေးဝါ သိန်း ၁၆၀ ကျပ်ဖိုးလောက်ကို စစ်ကောင်စီတပ်က သိမ်းဆည်းခဲ့ပါတယ်။
သူတို့နေရာနဲ့ မြို့ပေါ်ကိုသွားလာတဲ့ ကားတွေကိုလည်း ဆေးဝါးနဲ့ ဆန်တွေကို သယ်ဆောင်ခွင့်မပြုဘူးလို့ စစ်ကောင်စီက အမိန့်ထုတ်ထားတာဖြစ်ပါပါတယ်။
ဆေးဘက်ဆိုင်ရာတာဝန်ခံ ကိုမင်းခေါင်က “ဆေးဝါးတွေ ဝယ်ယူနိုင်ဖို့အတွက်ကတော့ ကျေးလက်နေပြည်သူတွေနဲ့ ကျနော်တို့ရဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်တဲ့ မိတ်ဆွေတွေဆီက လှူဒါန်းတဲ့ ရန်ပုံငွေတွေနဲ့ လမ်းကြောင်းရှာဖွေပြီး ဆေးဝါးတွေ ဝယ်ယူရတာဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ ကျနော်တို့ အဖွဲ့အစည်းအပြင် သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကနေတဆင့် မိမိတို့တတ်နိုင်သ၍ ထောက်ပံ့လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံချင်တယ်”လို့ ပြောပါတယ်။
အဲဒီ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအစီအစဥ်ကို ပေါက်တောင်ပိုင်း ကျန်းမာရေးနဲ့ သူနာပြုတပ်ဖွဲ့၊ မကွေးတောင်ပိုင်း PDF ရဲ့ ဆေးတပ်ဖွဲ့၊ ပေါက်တောင်ပိုင်းဇုန်-၂ ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း-၁၈ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။