တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီက ပြည်သူ့စစ်တွေကို မတ်လ ၂၂ ရက် မနက်ပိုင်းမှာ ရိက္ခာနဲ့ ငွေကြေးထောက်ပံ့ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ သိရပါတယ်။
အဆိုပါမြို့နယ်တွေထဲမှာ ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်တို့က ပြည်သူ့စစ်အဖွဲ့ဝင်တွေ ပါဝင်ပြီး ပြည်သူ့စစ်အဖွဲ့ဝင်တွေကို စစ်ကောင်စီရဲ့ ကန်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နဲ့ အရာရှိတွေက တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မြိတ်၊ ထားဝယ်နဲ့ ဘုတ်ပြင်းမြို့နယ်တွေမှာ ပြည်သူ့စစ်တွေကို ငွေကြေးနဲ့ ရိက္ခာ ထောက်ပံ့ပေးတာဟာ ပြည်သူ့စစ်အဟောင်းတွေပါ။ နောက်ထပ်လည်း စကစက ပြည်သူ့စစ်သင်တန်းကို ၂၂၄ တပ်ရင်းမှာ သင်တန်းတွေပေးနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက တွေ့ဆုံပွဲတွေကို မြို့နယ်အခြေစိုက် တပ်နယ်စခန်းအသီးသီးမှာ ပြုလုပ်ခဲ့ပြီး မြို့နယ်တခုစီမှာ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၅၀ ဝန်းကျင်လောက် တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်စာမျက်နှာတွေအရ သိရပါတယ်။
တနင်္သာရီတိုင်းရှိ မြို့နယ်အသီးသီးမှာရှိတဲ့ လက်နက်ကိုင် ပျူစောထီးတွေ၊ ပြည်သူ့စစ်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီဒေါက်တိုင်တွေ အားလုံးကို ပြည်သူ့နဲ့အတူ ပူးပေါင်းရပ်တည်ဖို့နဲ့ စစ်ကောင်စီလက်အောက်မှ နုတ်ထွက်ကြဖို့ ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက သတိပေး ထုတ်ပြန်ထားပါတယ်။