ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မတ်လ ၂၂ ရက် မနက်ပိုင်းက ရိက္ခာတွေလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီကနေ သိရပါတယ်။
စစ်ကောင်စီရဲ့ ခလရ ၃၀၄ တပ်ရင်းကနေ မတူပီ-ပလက်ဝလမ်းပေါ်က ထယ်ဘွေးစခန်းကို စားနပ်ရိက္ခာလာဖြည့်တဲ့ စစ်ကောင်စီကား ၃ စီးနဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းကို မတ်လ ၂၂ ရက် မနက် ၆ နာရီ ၅၀ မနစ်လောက်က တွီးရှစ်ရွာအထွက် သင်္ချိုင်းကုန်းနဲ့ ပန်တွီးလမ်းခွဲမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး CDF-မတူပီက ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆလိုင်းချင်းက ပြောပါတယ်။
အဲဒီနောက် စစ်ကောင်စီဘက်က မွန်းလွဲ ၂ နာရီကျော်လောက်မှာ အင်အား ၃၀ လောက် စစ်ကူလိုက်လာပြီး ဒဏ်ရာရရှိတဲ့သူတွေကို ရဟတ်ယာဥ်တစီးနဲ့ ခေါ်သွားကြတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဘက်က အတတ်နိုင်ဆုံး ခုခံတိုက်ခိုက်တဲ့အတွက် စစ်ကောင်စီစစ်ကြောင်းဟာ ရှေ့ကို ဆက်မတိုးရဲဘဲ တွီရှစ်ရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားကြတယ်။”
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မတူပီမြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်လာလို့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ဘေးကင်းရာ နေရာတွေကို ရွှေ့ပြောင်းကြဖို့နဲ့ ကတုတ်ကျင်းတွေ အဆင်သင့်ထားရှိကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။