စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ခွဲ ပန်ဆောင်မြို့မှာရှိတဲ့ နောင်ယန်းအင်းပတ်လည်က နာဂကျေးရွာ ၁၈ ရွာမှာ ဘိန်းအစားထိုးသီးနှံ မျိုးစေ့တွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်ဆောင်မြို့ကနေ လှမ်းမြင်နေရတဲ့ အဲဒီဒေသဟာ နောင်ယန်းအင်းကို မှီခိုပြီး အင်းပတ်လည်မှာ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသလို ကျေးရွာတွေကိုလည်း နောင်ယန်းအင်းပတ်လည်မှာ တည်ထားကြတာလည်းဖြစ်ကာ ဘိန်းကို စီးပွားဖြစ်အနေနဲ့ စိုက်ပျိုးတာမျိုးမရှိဘဲ မိသားစု မီးဖိုချောင်အသုံးစရိတ်အနေနဲ့ ပြန်လည်ရောင်းချလို့ရအောင် တအိမ်ထောင်ကို ဧကဝက်လောက် စိုက်ပျိုးနေကြတာ ဖြစ်တယ်လို့ ကျေးရွာခေါင်းဆောင်တွေက ဆိုပါတယ်။
ဒေသခံတွေအနေနဲ့ တပိုင်တနိုင် ဝင်ငွေရ သီးနှံမျိုးစေ့တွေနဲ့ စိုက်ပျိုးရေးနည်းတွေ လိုနေပြီး ဘိန်းမစိုက်ချင်ပေမဲ့လည်း အစားထိုးစိုက်ပျိုးဖို့ မျိုးစေ့ကမရှိ၊ စိုက်ပျိုးနည်းလမ်းလည်း မသိတော့ အခက်တွေ့နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အခုလို ဘိန်းစိုက်ပျိုးတဲ့အတွက် လူငယ်တွေအနေနဲ့ မူးယစ်ဆေးသုံးစွဲမှု များလာတာကြောင့် နာဂဆိုရှယ်လစ်ကောင်စီက ပြီးခဲ့တဲ့နှစ်တွေက ဘိန်းမစိုက်ဖို့ တားမြစ်ထားပြီး ဒီနှစ်မှာတော့ စာထုတ်ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ စိုက်ပျိုးလို့ရမယ့်မျိုးစေ့ အဓိကလိုအပ်နေပြီး ဆီကြိတ်စက်ကတော့ နောင်ယန်းရွာက အင်ရောမ်း ဘဝသစ်ထူထောင်ရေးကျောင်းမှာ ရောက်နေပြီဖြစ်ပေမဲ့ ကြိတ်စရာသီးနှံ ဘာမှမရှိသေးတာကြောင့် သုံးရာသီလုံး ကြိတ်လို့ရမယ့် မျိုးစေ့အကူအညီ လိုနေတယ်လို့ တောင်တင်းရွာသားတဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေအနေနဲ့ ချဥ်ပေါင်ဖာလာခေါ် အယ်လာဂျီကို စီးပွားဖြစ် စိုက်ပျိုးခဲ့ပေမဲ့ နယ်စပ်လမ်းတွေ ပိတ်ထားတာကြောင့် အိန္ဒိယကို သွားရောက်ရောင်းချဖို့ အခက်အခဲ ရှိနေတယ်လို့လည်း သိရပါတယ်။