ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစုရပ်ကွက်၊ ရေကြောင်းရဲရုံးရှေ့မှာ မတ် ၂၂ ရက်ညက ဗုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ည ၁၀ နာရီက ရေကြောင်းရဲရုံးရှေ့ စစ်ကောင်စီတပ်စောင့်နေတဲ့ ကင်းအနီးမှာ ဗုံးပေါက်ကွဲခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ည ၁၀ နာရီကျော်မှာ ပေါက်တာ။ အိပ်နေရင်းနဲ့တောင် လန့်နိုးတယ်။ ထိတဲ့သူ ရှိ မရှိတော့ မသိဘူး။ စစ်သားတွေရော ရဲတွေရော အများကြီးပဲ ရောက်လာတာ။”
ရေကြောင်းရဲရုံးရှေ့ ဘယ်ရီဂိတ်အနီးမှာ လက်လုပ်ဗုံးတွေ့ပြီး စစ်ကောင်စီတပ်က လာရောက်ဖောက်ခွဲတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဗုံးပေါက်တာတော့ ဟုတ်တယ်။ ဗုံးလာထောင်ထားလို့ စစ်တပ်ကို ခေါ်ပြီး ဖောက်ခွဲပစ်တာပါ။ ဒဏ်ရာရတဲ့သူမရှိဘူး။”
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ရေကြောင်းရဲရုံးအနီးတဝိုက်မှာ လက်ကျန်ဗုံး ရှိ မရှိ ရှာဖွေခဲ့သေးတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်တွေကလည်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။