ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲက ဒိုးသောင်ရွာမှာရှိတဲ့ ဆုတောင်းပြည့်ဘုရားစောင်းတန်းမှာ မတ်လ ၂၁ ရက် မနက်ပိုင်းက ဆွမ်းခံကြွသွားတဲ့ ဘုန်းကြီးတပါး ဓားခုတ်ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူနေတာ တွေ့ရှိပြီးတဲ့နောက် ဆွမ်းခံအတူကြွတဲ့ ဘုန်းကြီးကျောင်းသား ၂ ယောက်နဲ့ ကျောင်းတိုက်ရှိ သံဃာ ၆ ပါးကို ရဲတပ်ဖွဲ့တွေက လူဝတ်လဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးဟာ မြတ်စောညီနောင်စေတီတော် ပရိဝုဏ်အတွင်းမှာရှိတဲ့ ကုသိနာရုံကျောင်းတိုက်မှာ သီတင်းသုံးနေတာဖြစ်ပြီး ဝါတော် ၃ ဝါ၊ သက်တော် ၆၂ နှစ်ရှိ ဦးကဝိန္ဒဖြစ်ပါတယ်။
ဓားခုတ်ခံရတာကြောင့် ညာဘက်လက်ကောက်ဝတ် ပြတ်ဒဏ်ရာ၊ ရင်ဘတ်ထိုးသွင်း ၂ ချက်၊ လည်ပင်းပြတ်ရှ ၆ ချက်၊ စုစုပေါင်း ပြတ်ရှဒဏ်ရာ ၈ ချက်နဲ့ ပျံလွန်သွားတာလို့ မြို့ခံ လူမှုကူညီရေးအသင်း အဖွဲ့ဝင်တယောက်က ပြောပေမဲ့ ဘာကြောင့် ဘယ်သူက ဓားနဲ့ ခုတ်တာလဲဆိုတာကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာတော့ သေဆုံးသွားတဲ့ ရုပ်အလောင်းကို တောင်ငူဆေးရုံပို့ထားပြီး သေဆုံးသွားတဲ့ ဘုန်းကြီးနဲ့ ဆွမ်းခံကြွတဲ့ ကုသိနာရုံကျောင်းက ဘုန်းကြီးကျောင်းသား ၂ ယောက်နဲ့ ကျောင်းမှာရှိတဲ့ သံဃာ ၆ ပါးကို မသင်္ကာတဲ့အတွက် အခုလို လူဝတ်လဲ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။