ကချင်ပြည်နယ်၊ ဖားကန့်မြို့ လုံးခင်းကျေးရွာက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာအနီးက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဘူဒိုဇာနဲ့ အဓမ္မဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသအခေါ် မျောက်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ရင်း ၂၈ အနီး ကားကြီးကွင်းဘေးရှိ နေအိမ်တွေကို မတ် ၁၉ ရက်က စတင်ကာ စစ်ကောင်စီတပ်က ဘူဒိုဇာတွေနဲ့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတဦးက “မျောက်ကုန်းမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လမ်းပိတ်ထားတယ်။ စစ်တပ်က အယောက် ၅၀ လောက် အိမ်တွေကိုဖျက်၊ ဘူဒိုဇာတွေနဲ့ထိုး လုပ်သွားတာ။ အိမ်အလုံး ၃၀ လောက် ဖျက်ဆီးခံရတယ်။ တချို့ အိမ်ပိုင်ရှင်တွေလည်း ကျန်တဲ့ပစ္စည်းလေးတွေကို သုံးဘီးဆိုင်ကယ်တွေနဲ့ သယ်နေကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ မျောက်ကုန်း ကားကြီးကွင်းအနီးမှာ နေအိမ်အလုံး ၇၀ ကျော်ရှိရာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စတင်နေထိုင်အခြေချခဲ့တာဖြစ်ပြီး စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်ဖျက်ဆီးခဲ့တာလို့လည်း ဒေသခံက ဆက်ပြောပါတယ်။
မျောက်ကုန်းမှာ တပ်စွဲထားတဲ့ တပ်ရင်း ၂၈ နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ မတ် ၁၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကာ ၂ နှစ်သား ကလေးငယ်တဦး အပါအဝင် ပြည်သူ ၆ ဦး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။