Home
မြန်မာသတင်း
မန္တလေးကျုံးအတွင်း အမျိုးသား ၁ ဦး ရေနစ်သေဆုံး
DVB
·
March 21, 2023
336865767_226272986550849_496039335524115014_n

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၂၆ × ၇၇ လမ်းနားမှာရှိတဲ့ ကျုံးရေပြင်ထဲကို အမျိုးသားတဦး မတ်လ ၂၁ ရက် မနက် ၄ နာရီလောက်က ခုန်ချခဲ့တာကြောင့် ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဥပုသ်တော်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် အမျိုးသားတယောက်ဟာ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ဆေးဖြတ်ထားသူလို့ သိရပြီး ဒီကနေ့မနက်ပိုင်း လမ်းလျှောက်ထွက်မယ်လို့ အိမ်ကိုပြောဆို ထွက်သွားရာကနေ အခုလို ရေနစ် သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။

မနက်အစောပိုင်း ၂ နာရီလောက်က ပထမအကြိမ် အိမ်အပြင်ထွက်မှာကို မိသားစုဝင်တွေက တားဆီးနိုင်ခဲ့ပေမဲ့ မနက် ၄ နာရီလောက်မှာ ဒုတိယအကြိမ် အပြင်ထွက်သွားခဲ့ပြီး မိသားစုဝင်တွေ လိုက်လံရှာတွေ့ချိန်မှာတော့ ကျုံးရေထဲမှာ လက်တဖက်သာမြင်ရပြီး နစ်မြုပ်သွားတယ်လို့ သိရပါတယ်။

မြို့ခံ လူမှုကယ်ဆယ်ရေးအသင်းဝင်တယောက်က “လူမှုကူညီရေးအသင်းကို မနက် ၄ နာရီလောက်မှာ အကြောင်းကြားခဲ့ပြီး သေဆုံးသူက မနက် ၄ နာရီလောက်ကျတော့ ရာသီဥတု ပူလို့၊ အသက်ရှုကြပ်လို့ လေလေးဘာလေး ရှူရအောင် လမ်းလျှောက်ရင်းနဲ့ လေညင်းထွက်ခံမယ်ဆိုပြီး အိမ်ကထွက်သွားတာ၊ သူ့ဦးလေးကြီးက အနောက်ကနေလိုက်တာ၊ သူက ကျုံးဘေးရောက်တော့ အင်္ကျီချွတ်ပြီး‌တော့ ခုန်ချသွားတာ၊ သူ့ဦးလေးရောက်သွားတော့ လက်ကလေးပဲ မြင်လိုက်ရတာ” လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအသင်းတွေကို အကြောင်းကြားခဲ့လို့ ရှာဖွေခဲ့တာကြောင့် ကျုံးရေပြင်အောက်မှာရှိတဲ့ အဆိုပါ အမျိုးသားရဲ့ ရုပ်အလောင်းကို မနက် ၆ နာရီလောက်မှာ တွေ့ရှိခဲ့တယ်လို့ သိရပြီး ရုပ်အလောင်းကို မန္တလေးဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024