တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ဘဝါကျေးရွာအုပ်စု၊ မူးဒူးရွာက ဥယျာဉ်ခြံတခုထဲမှာစိုက်ထားတဲ့ စစ်တပ်ပိုင် မိုင်တဲတာဝါတိုင်တခု မတ် ၁၉ ရက်နေ့ နေ့လယ်ပိုင်းက မီးရှို့ခံရပြီး လဲကျသွားတယ်သို့ ဒေသခံတွေက ပြောပါတယ်။
“မူးဒူးက တာဝါတိုင် မီးရှို့ခံရလို့ထင်တယ်၊ မိုင်တဲဖုန်းလိုင်း နဲ့ ဖိုင်ဘာဝိုင်ဖိုင်အင်တာနက်လိုင်းတွေ ပြတ်သွားတယ်။ ညက (မတ်၂၀) ၇ နာရီခွဲလောက်မှ အင်တာနက် ပြန်တက်လာတယ်” လို့ ရေဖြူမြို့ မိုင်တဲဖိုင်ဘာဝိုင်ဖိုင်အင်တာနက်အသုံးပြုသူတဦးက ပြောပါတယ်။
မိုင်တဲတာဝါတိုင် မီးရှို့ခံရပြီးနောက် လဲကျသွားပြီး တာဝါတိုင်အောက်ခြေက ဆိုလာပြားနဲ့ ဘတ္ထရီတွေလည်း ယူဆောင်သွားတယ်လို့သိရပါတယ်။
ဒေသခံတွေရဲ့ပြောဆိုချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်တာဖြစ်ပြီး မတ် ၂၁ ရက်အထိ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကို ထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။
၂၀၂၁ ခု စက်တင်ဘာနဲ့ ၂၀၂၂ ခု မတ်လတုန်းကလည်း နဘုလယ်ဒေသက ဧကနိရွာ နဲ့ ဒေါင်းရှောင်ရွာက မိုင်တဲတာဝါတိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ဖူးပါတယ်။
အဲဒီ မိုင်တဲတာဝါတိုင်တွေအနီးမှာ စစ်ကောင်စီက မိုင်းတွေထောင်ထားတာကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်က ဧကနိရွာမှာ နွားက မိုင်းနင်းမိပြီး မိုင်းပေါက်ကွဲခဲ့ပါသေးတယ်။
မြိတ်-မောတောင် လမ်းပိုင်းမှာ စစ်ရေးတင်းမာလာတာကြောင့် အခုရက်ပိုင်းအတွင်း မလိုအပ်ဘဲ ဖြတ်သန်းသွားလာတာမျိုး မလုပ်ကြဖို့ KTLA ကျားကြီးကွန်မန်ဒိုတပ်ဖွဲ့နဲ့ ခွပ်ဒေါင်းတမန်အထူစစ်ကြောင်းတို့က သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ရေဖြူကျေးရွာနဲ့ သဲဖြူ ကျေးရွာလမ်းမကြီးတလျှောက် စစ်ရေးအခြေအနေတင်းမာလာတာကြောင့် ပြည်သူတွေ အသွားအလာသတိရှိကြဖို့ သတိပေးထားပါတယ်။
"နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အချိန် ပြည်သူတွေကမသိဘဲနဲ့ ပြည်ထောင်စုလမ်းမကနေ သွားလာနေကြမယ်ဆိုရင် ပစ်ခတ်မှုဖြစ်လာတဲ့အချိန် ကြားညှပ်သွားနိုင်တယ်။ ပြီးတော့ စစ် (-) တွေက ပြည်သူ့ကားတွေပေါ်ကို လိုက်ပါစီးနင်းတာတွေမျိုးရှိနေတာရယ်၊ ညဘက်အချိန်ဆို စစ်ကောင်စီကနေ လှုပ်ရှားနေတာတွေ ရှိလာတာကြောင့် ပြည်သူတွေ ထိခိုက်မှုရှိ သွားနိုင်တာမျိုးကြောင့်ပါ" လို့ ပြည်သူ့ကာကွယ်ရတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
မြိတ်-မောတောင်လမ်းကို သွားလာနေကြတဲ့ ခရီးသည်ကားတွေအနေနဲ့ မှန်ချသွားလာကြဖို့၊ အမိုးအုပ်ကားတွေကိုလည်း အထဲကိုမြင်သာအောင် လှစ်ဟထားကြဖို့နဲ့ စစ်ကောင်စီတပ်နားကနေ အနီးကပ်ဖြတ်သန်းသွားလာတာတွေကို ရှောင်ကြဉ်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
ဒါအပြင် ည ၈ နာရီမှ မနက် ၅ နာရီအထိ သွားလာခြင်းမပြုကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်အရစစ်ဆေး ဆောင်ရွက်လာပါက ကျေနပ်စွာ လက်ခံပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တနင်္သာရီ-မောတောင်လမ်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။