ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် - မြန်မာနယ်စပ်၊ ကြူကုတ် (ပန်ဆိုင်း) - ဝမ်တိန် ဂိတ်ကနေ ကုန်ကား အဝင်၊ အထွက်ကို မတ် ၂၀ ရက်နေ့မနက် ၆ နာရီကစ ပြန်လည်ဖွင့်လှစ် လိုက်ပြီလို့ နယ်စပ် ဒေသခံတွေက ပြောပါတယ်။
"ဟုတ်တယ်။ ဒီနေ့ ဖွင့်တယ်။ ဘာတွေ ဘယ်လို ဝင်ထွက်လို့ရလဲတော့ ကျနော် အတိအကျ မသိသေးဘူး" လို့ ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ပြောပါတယ်။
ပို့ကုန်ပစ္စည်းတွေအနေနဲ့ သစ်သီးနဲ့ ကြံကို ခြောက်ဘီး၊ ဆယ့်နှစ်ဘီး၊ တွဲကားတို့နဲ့ တင်ပို့ခွင့်ပြုပြီး တရုတ်ဘက်ထဲက မြန်မာဘက် အပြန်ကို ခါလီသာ ဝင်ခွင့်ပြုကြောင်း၊ တရုတ်ဘက်ထဲကနေ ကုန်ပစ္စည်း တင်လာလိုပါက ကျင်းစန်းကျော့ ဂိတ်ကနေသာ ထွက်ရမှာဖြစ်ကြောင်း နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။
"ဒီမနက်ဖွင့်ပြီ။ လူတော့ ခွင့်မပြုဘူးတဲ့။ ကုန်ကားတွေက ရတယ်။ ကားတစီး လူတဦးပေါ့" လို့ ပန်ဆိုင်းမြို့မှာ အလုပ်လုပ်နေသူ အမျိုးသားတဦးက ပြောပါတယ်။
တရုတ်ဘက်က သွင်းကုန်အနေနဲ့ လူသုံးကုန်၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း နဲ့ စားသောက်ကုန်တွေကို ခြောက်ဘီးနဲ့သာ တင်သွင်းခွင့်ပြုကြောင်း နယ်စပ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကြူကုတ် (ပန်ဆိုင်း) - ဝမ်တိန် ဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင် ၈ ရက်နေ့ကစ တရုတ်ဘက်က အကန့်အသတ်မရှိ ပိတ်ထားခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း တရုတ်နိုင်ငံထဲ ကိုဗစ် Zero စနစ် ဖြေလျှော့လိုက်ချိန်ကစ တရုတ်ဘက်ကနေ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တခုပြီးတခု ဖွင့်လှစ်လိုက်တာဖြစ်ပြီး မြန်မာဘက်ကလည်း တဖြည်းဖြည်းချင်းစီ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
လက်ရှိမှာတော့ မူဆယ်နယ်စပ်ဂိတ်တွေ ဖြစ်တဲ့ မန့်ဝိန်း - ကျယ်ဂေါင် ဂိတ်ကနေ ခြောက်ဘီး ကုန်တင်ယာဉ်တွေ၊ နန်းတော် - ကျယ်ဂေါင် ဂိတ်ကနေ လူ၊ ဆင်ဖြူ - ကျယ်ဂေါင် ဂိတ်ကနေ လူနဲ့ ခြောက်ဘီးအောက် ယာဉ်ငယ်တွေ၊ ကျင်းစန်းစကျော့ - ဝမ်တိန် ဂိတ်ကနေ ရှစ်ဘီးနဲ့ အထက် ကုန်တင်ယာဉ်တွေ၊ ချင်းရွှေဟော် - မုန်းတိန်ဂိတ်ကနေ ဆယ့်နှစ်ဘီး ကုန်တင်ယာဉ်တွေ စသဖြင့် ဝင်ထွက် ခွင့်ပြုနေတာဖြစ်ပြီး လူဝင် လူထွက် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ကိုတော့ တရုတ်နိုင်ငံ နဲ့ ထိစပ်နေတဲ့ မြို့တွေထဲက အိမ်ထောင်စု စာရင်းရှိသူတွေကိုသာ ထုတ်ပေးနေတာဖြစ်ပါတယ်။
Pra Jaw