တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ကျောက်ဖျားကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ နည်းပညာတက္ကသိုလ်နားမှာ တောမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၁၉ ရက်နေ့ ည ၁၁ နာရီလောက်က တောမီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၂ နာရီ နီးပါးကြာမြင့်အောင် မီးငြှိမ်းသတ်ခဲ့ရကာ နည်းပညာတက္ကသိုလ် အနီးနားရောက်မှာတော့ မီးငြိမ်းသွားခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
မီးဘာကြောင့်စတင်လောင်ကျွမ်းတယ်ဆိုတာကိုတော့ မသိရှိရဘဲ ထိခိုက်မှု တစုံတစ်ရာ မရှိခဲ့သလို မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ဗဟို မီးသတ်တပ်ဖွဲ့နဲ့ အရန်မီးသတ်တပ်ဖွဲ့တွေက ပူးပေါင်းပြီး ၂ နာရီကြာအောင် မီးငြှိမ်းသတ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
မတ်လဆန်းပိုင်းကလည်း မြိတ်မြို့နယ်ထဲမှာ အပူရှိန်မြင့်မားပြီး အမှိုက်ပုံကနေ မီး လောင်မှု ၃ ကြိမ်နဲ့ လယ်ကွင်းကနေ မီးလောင်မှု ၁ ကြိမ်၊ တောမီးလောင်မှု ၁ ကြိမ် စုစုပေါင်း ၅ ကြိမ် ရှိခဲ့တယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။