နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် ဒါရိုက်တာသည်ခေတ်နေ ရိုက်ကူးထားတဲ့ မြို့ပြပြောက်ကျားရုပ်ရှင်က ရရှိတဲ့ ဝင်ငွေတွေကို လိုအပ်တဲ့နေရာတွေဆီ မတ်လ တတိယအပတ်က စတင်ပြီး လှူဒါန်းနေပြီလို့ သိရပါတယ်။
လက်ရှိမှာ ဩစတြေးလျနိုင်ငံထဲက မြို့နှစ်မြို့ကရတဲ့ ဝင်ငွေတွေကို ပထမဆုံးအကြိမ် သိန်း ၁၀၀ ဝန်းကျင်ကို စတင်လှူဒါန်းနေတာဖြစ်ပြီး လှူဒါန်းဖို့ ဆက်သွယ်လာတဲ့နေရာတွေ၊ တကယ်လိုအပ်တဲ့ နေရာတွေအပြင် ရုပ်ရှင်ကားနာမည်နဲ့ လိုက်ဖက်တဲ့ နေရာတွေဆီကို ဦးစားပေးလှူဒါန်းသွားမယ်လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။
“လက်ရှိပြသပြီးတဲ့ ဩစတြေးလျနိုင်ငံထဲက ဆစ်ဒနီနဲ့ မဲဘုန်း နှစ်မြို့ထဲက ရတဲ့ ဝင်ငွေရဲ့ သတ်မှတ်ထားတဲ့ ရာခိုင်နှူန်းအချို့ကို ကျွန်တော်တို့ စတင်လှူဒါန်းနေပါပြီ။ လက်တလောမှာ လိုအပ်တယ်ဆိုပြီး ဆက်သွယ်ထားတဲ့နေရာတွေလည်းရှိတယ်။ နောက်ပြီးတော့ တကယ်လိုအပ်တဲ့နေရာတွေကိုလည်း စနစ်တကျလှူဒါန်းနိုင်ဖို့ ရုပ်ရှင်ဖြစ်မြောက်အဖွဲ့က ဦးဆောင်ပြီး ဆုံးဖြတ်စီစဉ်သွားမှာပါ၊ လက်ရှိမှာတော့ သိန်း ၁၀၀ ဝန်းကျင်ရှိပါပြီ။ နောက်ပြီးတော့ ဇာတ်ကားနာမည်နဲ့ လိုက်ဖက်နဲ့ နေရာတွေကိုလည်း လှူဒါန်းဖို့ ဆက်သွယ်ဆောင်ရွက်နေပါတယ်” လို့ ဒါရိုက်တာသည်ခေတ်နေက ပြောပါတယ်။
မြို့ပြပြောက်ကျားရုပ်ရှင်ကို လက်ရှိမှာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီ၊ မဲဘုန်းနဲ့ ကော့စ်ဟားဘာမြို့တို့မှာပြသခဲ့ပြီး မတ်လ ၁၉ ရက်က ကိုရီးယားနိုင်ငံ ဂင်မဲမြို့မှာပြခဲ့ပါတယ်၊ ဆက်လက်ပြီး မလေးရှားနိုင်ငံရဲ့ မြို့ ၃ ခုမှာ ဆက်လက်ပြသဖို့စီစဉ်ထားတယ်လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်၊
မြို့ပြပြောက်ကျားရုပ်ရှင်ကရတဲ့ အကျိုးအမြတ်ဝင်ငွေအားလုံးရဲ့ ၇၅ ရာခိုင်နှူန်းကိုတော့ NUG အစိုးရကာကွယ်ရေဝန်ကြီးဌာန- MOD နဲ့ ကျန် ၂၅ ရာခိုင်နှုန်းကို ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေဆီကို တိုက်ရိုက်ထောက်ပို့ သွားမှာဖြစ်တယ်လို့ သိရပါတယ်။