ပဲခူးတိုင်း၊ ပြည်ခရိုင်၊ နတ်တလင်းမြို့ ရန်ကုန်-ပြည်လမ်းဘေးမြောင်းမှာ မတ် ၁၉ ရက် နေ့လယ်ပိုင်းက ရေဆင်းကူးတဲ့ မိန်းကလေး ရေနစ်သွားလို့ ဆင်းကယ်တဲ့ မိသားစုဝင် သုံးဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နတ်တလင်းနဲ့ ဇီးကုန်းမြို့ကြားရှိ ရေမြောင်းမှာ မိသားစုဝင်တွေ ရေဆင်းကူးရာမှ မိန်းကလေး တဦးရေနစ်ခဲ့တာလို့ ကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
"အရင်ဆုံး နစ်တဲ့ကလေးက မသေဘူး၊ သူ့ကို အမျိုးသားတဦးက ကယ်ပေးနိုင်ခဲ့တယ်။ အဲ့ကလေးကို ကယ်တဲ့ မိန်းကလေး သုံးဦးသေတာ ကျနော်တို့မြို့က လူတွေက ဒီမြောင်းမှာပဲ ငါးလည်းမျှား ရေလည်းချိုးကျတယ်။ ဆည်ရေလွတ်တဲ့အချိန်နဲ့ မိုးတွင်းကာလတွေဆို ရေအတက်အကျက မမှန်ဘူး။ ကျနော်တို့ အဖွဲ့တွေရောက်တော့ တယောက်ကို လမ်းပေါ်ဆွဲတင်ထားပြီးနေပြီ ညနေပိုင်းလောက်မှာ နောက်ထက် နှစ်လောင်းကို ပြန်ဆယ်နိုင်ခဲ့တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
ရေနစ်သေဆုံးသူတွေမှာ ဒေါ်မီမီကျော် (၃၅) နှစ်၊ မရွှေရည်မင်းစံ (၁၅) နှစ်၊ မယွန်းတာပို့ (၁၃)နှစ် တို့ဖြစ်ပြီး ဒီနေ့ နေ့လယ် ၂ နာရီခွဲ မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
မတ် ၆ ရက်နေ့ကလည်း မကွေးတိုင်း ရေနံချောင်းမြို့ ညောင်လချောင်းသာမှာ ရေဆင်းကူးတဲ့ ကလေးလူငယ် လေးဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။