ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အမှတ် ၂ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၃ ဦး မတ် ၁၇ ရက် နေ့လယ်က ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေ လူမှုကွန်ရက်မှာ ဖော်ပြခံရတယ်ဆိုပြီး သာကေတမြို့နယ်က ပရဟိတအသင်းဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သာကေတမြို့နယ်၊ ၁၀ မြောက်ရပ်ကွက်၊ အမှတ် ၂ ရဲစခန်းက ရဲတပ်ကြပ်နှစ်ဦးနဲ့ တပ်သားတဦးတို့ ရဲစခန်းရှေ့ မိတ္တူဆိုင်မှာ မိတ္တူကူးနေစဉ် အမည်မသိသေနတ်သမားရဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှတ်တမ်းဓာတ်ပုံတွေ လူမှုကွန်ရက်တွေမှာ ဖော်ပြခံခဲ့ရတဲ့အတွက် ကူညီခဲ့တဲ့ ပရဟိတအသင်း အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာလို့ သိရပါတယ်။
အမှတ် ၈ ရပ်ကွက်အတွင်း နေထိုင်သူတဦးက “ရပ်ကွက်လူကြီးခိုင်းလို့ သွားပြီးကူညီတာ၊ အသင်းက ပုံတင်ထားတာတော့ မတွေ့ဘူးဗျ။ ပစ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်ပုံတွေ ခေတ်သစ်ကိုပို့လို့ဆိုပြီး ဥက္ကဋ္ဌကို ညဘက်ကြီးဝင်ဖမ်းတယ်။ အသင်းကားမောင်းတဲ့ လူငယ်တွေလည်း ဖမ်းသွားတယ်။ သူတို့ဖုန်းတွေကိုပါ ယူသွားကြတယ်။ အခုထိ ဘာမှ အဆက်အသွယ်မရတော့ မိသားစုက စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။
မိုးစက်ပရဟိတအသင်းက ဥက္ကဋ္ဌနဲ့ အဖွင့်ဝင် ၅ ဦးကို မတ်လ ၁၈ ရက် ညပိုင်းက သူတို့နေအိမ်တွေမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
လက်နက်နဲ့ ပစ်ခတ်ခံခဲ့ရသူ ရဲတပ်ဖွဲ့ဝင်သုံးဦး ရုပ်အလောင်းပုံတွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြတာတွေ ရှိခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ နာရေးကူညီမှု အသင်းတွေကို စစ်ကောင်စီက ချုပ်ကိုင်ထားပြီး ၂၀၂၂ ခုနှစ် ဧပြီလမှာ အသင်းအဖွဲ့မှတ်ပုံတင် ဥပဒေတွေကို ပြောင်းလဲပြင်ဆင်ခဲ့ပါတယ်။
ကယ်ဆယ်ရေးဆောင်ရွက်နေသူတဦးကလည်း “အရင်လို လွတ်လွတ်လပ်လပ်တော့ လုပ်လို့မရဘူး။ လမ်းကြောင်းထွက်မယ်ဆို နယ်မြေခံရဲစခန်းကို အကြောင်းကြားရတယ်။ လမ်းသင့်ရင် သူတို့ရဲတပ်ဖွဲ့ဝင်တချို့ကို ဝင်ခေါ်ရတယ်။ တခါတလေကျ ယူနီဖောင်းမပါဘဲ အရပ်ဝတ်နဲ့ လက်နက်ကိုင်လိုက်လာတော့ စိုးရိမ်မှုတွေရှိတယ်။ accident (မတော်တဆ) ယာဉ်တိုက်မှုတို့ ခိုက်ရန်ဖြစ်ပွားတဲ့ နေရာမျိုးတွေမှာ အရင်လို ပြည်သူက ဝင်မကူရဲကြတော့ဘူး” လို့ ပြောပါတယ်။