တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ လာမယ့်သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေး တာဝန်ယူခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတဦးက “သင်္ကြန်အတွက် ရပ်ကွက်က အကအဖွဲ့နဲ့ ဆိုင်းဝိုင်းအဖွဲ့ တာဝန်ယူရမယ်လို့ စကစကနေပြီး ရပ်ကွက်အုပ်မှူးတွေကို ခေါ်ယူဆွေးနွေးတယ်ဆိုတာသိရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အဲဒီအဖွဲ့တွေရဲ့ အဝတ်အစားနဲ့ စားစရိတ်အတွက် ရပ်ကွက်အလှူငွေမရှိကြောင်း ပြန်လည်တင်ပြတယ်။ စကစ အထက်လူကြီးကနေပြီး ရပ်ကွက်အလိုက် လာရောက်ပြီး တာဝန်ပေးမယ်လို့ သိရပါတယ်။ အုပ်မှူးတွေနဲ့ ရပ်မိရပ်ဖတွေ ခေါင်းကိုက်နေကြပြီ” လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီလုပ်တဲ့ သင်္ကြန်အပါအဝင် ပျော်ပွဲရွှင်တွေမှန်သမျှ မပူးပေါင်းကြဖို့ မေတ္တာရပ်ခံပါတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
မြို့ခံအမျိုးသားတဦးကလည်း “အရင်တုန်းက ဒီအချိန်ဆို ဗဟိုမဏ္ဍပ်တွေ စဆောက်ဖို့ လုပ်နေကြပြီ။ အခုတော့ ဘယ်နေရာမှ မတွေ့ရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကလည်း သင်္ကြန်ကျင်းပနိုင်ရေးအတွက် အစည်းအဝေးကို စစ်ကောင်စီခန့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက ကျွန်းစုမြို့နယ် ကျွန်းရတနာအစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။