Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှု အမြင့်ဆုံးရောက်နေပြီဟု ဒေါက်တာ စင်သီယာမောင် ပြော
DVB
·
March 19, 2023
336642870_744847380420359_7031505728518188513_n

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေး ပဋိပက္ခတွေကြောင့် နယ်စပ်ဒေသတွေမှာ စစ်ဘေးရှောင် အရေအတွက် ပိုတိုးလာပြီး ထိုင်း-မြန်မာ နယ်စပ်မှာ စစ်ဘေးရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ပေးနေတဲ့ မယ်တော် ဆေးခန်းမှာလည်း အတွင်းလူနာ ၂ ဆ လောက် ပိုများလာပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု အမြင့်ဆုံး ရောက်ရှိနေပြီး နိုင်ငံတကာက အရေးယူကူညီဆောင်ရွက်ဖို့ တဦးတယောက်ချင်းမှာ တာဝန်ရှိတယ်လို့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က ပြောဆိုလိုက်ပါတယ်။

"ကျမတို့ နိုင်ငံမှာတော့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုက အမြင့်ဆုံး ရောက်ရှိနေပြီ။ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေး၊ လူမှုရေးပိုင်းဆိုင်ရာ အဘက်ဘက်က ယိုယွင်းပြီး ဒါက မြန်မာနိုင်ငံတော်အရေးပဲ မဟုတ်ဘဲနဲ့ လူသားချင်း စာနာထောက်ထားမှုကို အခြေခံရင် တကမ္ဘာလုံး အရေးဖြစ်တယ်။ လုံခြုံရေးအရ ပြောရင်လည်း လူသားတွေရဲ့ လုံခြုံရေးသိက္ခာကို ထိခိုက်နေတဲ့ အကြောင်းအရာတွေ ဖြစ်တဲ့အတွက် နိုင်ငံတကာကနေ အမြန်ဆုံး အရေးယူ ဆောင်ရွက်နိုင်ဖို့ တဦးချင်း တယောက်ချင်း တာဝန်ရှိပါတယ်။ ကိုယ့်ကိုယ်လည်း ခိုင်မာအောင် တည်ဆောက်ရမှာ ဖြစ်သလို နိုင်ငံတကာရဲ့ ကူညီမှုတွေလည်း အရေးကြီး လိုပါတယ်" လို့ ဒေါက်တာ စင်သီယာမောင်က ဒီဗွီဘီကို ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်ဟာ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတာ နှစ်ပေါင်း ၃၀ ကျော် ရှိနေပါပြီ။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တရားဥပဒေ စိုးမိုးမှု မရှိတာတွေကြောင့် အခုလို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေရပေမယ့်လည်း အားရတယ် ပြောဖို့ ခက်တယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

"ကျမတို့ ဒီလိုကူတယ်ဆိုတာ ဒါ ရေတိုပဲ ကောင်းတယ်။ ရေရှည်က ကိုယ့်ဒေသ ကိုယ့်ရပ်ရွာမှာ သိက္ခာရှိရှိနဲ့ပေါ့။ ဥပမာ ဒုက္ခသည်စခန်းဆိုတာလည်း ကူနေတာ ကြာပြီ။ နှစ်ပေါင်း ၃၀ ကျော်ပြီ။ ဒါပေမဲ့လို့ သူ့ဖြေရှင်းချက်က ကိုယ့်ရပ်ရွာ မူရင်းဒေသကို သိက္ခာရှိရှိ လုံလုံခြုံခြုံနဲ့ ဆိုလိုတာ နိုင်ငံသားလား၊ အိမ်ရာမြေရာလား၊ သူ့ရဲ့ ရွှေ့ပြောင်းသွားလာမှုအပေါ် ဆုံးရှုံးနစ်နာမှုတွေလား။ ပညာပြန်သင်ဖို့လား။ ဒါတွေ ပြင်ဆင်ထားမှု မရှိဘဲ ဒီအခြေအနေတွေက ဆက်ရှိနေမှာပဲ။ အားရတယ်လို့ ပြောလို့ မရဘူး။

"ဒီနိုင်ငံမှာရှိတဲ့ ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဥပဒေ စိုးမိုးမှုတွေ၊ စီးပွားရေး ချွတ်ခြုံကျမှုတွေ၊ ဒါတွေ မပြင်ဘဲ အားရတယ်လို့ ပြောဖို့ ခက်တယ်။ သို့သော်လည်း လူထုဘက်ကနေ အရည်အသွေးမြင့်ဖို့နဲ့ ကိုယ့်နိုင်ငံ တည်ဆောက်ရေးမှာ လူငယ်တွေ အမျိုးသမီးတွေ မွေးထုတ်ပြီးတော့ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ဖို့ ကြိုးစားပါတယ်" လို့ ဒေါက်တာ စင်သီယာမောင်က ဒီဗွီဘီကို ပြောပါတယ်။

အထူးသဖြင့် စစ်ဘေးကြောင့် နယ်စပ်ဒေသတွေမှာ စစ်ဘေးရှောင်တွေ တချိန်ကျ မြန်မာနိုင်ငံ ပြန်တဲ့အခါ နိုင်ငံသားဖြစ်ဖို့ အထောက်အထား လိုအပ်သလို၊ စစ်အာဏာသိမ်းမှု ချုပ်ငြိမ်းသွားရင်လည်း လာမယ့် အစိုးရတွေက ပြည်သူတွေရဲ့ နိုင်ငံသားဖြစ်မှုတွေကို ပိုပြီး အလေးထား ဆောင်ရွက်စေချင်တယ်လို့ ဆိုပါတယ်။

မယ်တော်ဆေးခန်းကို ၁၉၈၉ ခုနှစ်မှာ ဒေါက်တာ စင်သီယာမောင် တည်ထောင်ခဲ့ပါတယ်။ လက်ရှိ ဆေးခန်းမှာ ပြသတဲ့ လူနာဦးရေ နှစ်စဉ် ၁ သိန်းကျော်ရှိပြီး၊ နေ့စဉ် လူနာ ၃၀၀ ကနေ ၄၂၀ ဦးအထိ ကုသပေးနေပါတယ်။ 

ဒေါက်တာစင်သီယာမောင်ဟာ အာရှရဲ့ နိုဘယ်လ်ဆုလို့ တင်စားခံရတဲ့ ရေမွန် မက်ဆေးဆေးဆု၊ ဂွမ်ဂျူး လူ့အခွင့်အရေးဆု အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာက ပေးအပ်တဲ့ဆုတွေ အများအပြားလည်း ရရှိထားပါတယ်။

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024