တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ လူ ၅ ဦးထက်ပိုပြီး လူမစုရဘူးလို့ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်ပြန်ထားပေမဲ့ ဘားတွေ၊ ကလပ်တွေမှာ ညစဉ် လူစည်းကားနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
အဲဒီအမိန့်ကို မတ် ၁၄ ရက်က ထုတ်ပြန်ထားတာဖြစ်ပြီး မြိတ်မြို့နယ်ထဲက လူသွားလူလာလမ်း တွေ၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဥ်နဲ့ အများပြည်သူသက်ဆိုင်တဲ့လမ်းတွေမှာ လူ ၅ ဦးထက် ပိုစုဝေးပြီး မနေကြဖို့နဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း မထွက်ဖို့ကိုလည်း အမိန်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဒေသခံ တဦးက "သူတို့ ထုတ်ပြန်ထားတယ်ဆိုတာ မြိတ်မြို့ထဲကလူတွေ တော်တော်များများ သိတောင် မသိကြဘူး။ ခုထိလည်း အားလုံးလမ်းပေါ်တို့ ဘားတွေ၊ ကလပ်တွေမှာ စုဝေး သွားလာနေကြတာတွေ ရှိနေတာပဲ"လို့ ပြောပါတယ်။
လူ ၅ ဦးထက် ပိုမစုရဆိုတဲ့ အမိန်ထုတ်ပြန်ထားပေမဲ့ မြိတ်က စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွှယ်တဲ့ ဘားတွေ၊ ကလပ်တွေမှာတော့ လူငယ်တွေ စုဝေးပြီး ပျော်ပါးနေကြတုန်းပဲလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒ့ါအပြင် မြိတ်မြို့ရပ်ကွက်တွေမှာလည်း လုံခြုံရေးတင်းကျပ်ထားပြီး စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေကနေ လူစုလူဝေးနဲ့ တအိမ်ဝင်တအိမ်ထွက် စစ်ဆေးနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။