ရန်ကုန်တိုင်း၊ လှိုင်မြစ်အတွင်းမှာ မတ် ၁၈ နေ့လယ် ၂ နာရီခွဲက စားသောက်ကုန်တင် သင်္ဘော တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။
ဘုရင့်နောင်ဆိပ်ကမ်းမှ စားသောက်ကုန်တွေ တင်ဆောင်လာတဲ့ သင်္ဘောဟာ လှိုင်မြစ်အတွင်း တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးပြုလုပ်သူတွေထံက သိရပါတယ်။
"ဘုရင့်နောင်ဆိပ်ကမ်းကနေ ကုန်တွေတင်လာပြီး အကွေ့မှာ တိမ်းမှောက်သွားတာပါ။ သင်္ဘောက မှောက်လျှက်ကြီးနဲ့ ပေါလောမျောနေရင်း ရွှေပြည်သာတံတားနားမှာ ဆက် မမျောပဲရပ်သွားတယ်။ လူတင်တဲ့ သင်္ဘောမဟုတ်ဘူး။ စားသောက်ကုန်တင်တဲ့ သင်္ဘောပါ။ ကျနော်တို့ ရောက်တဲ့အချိန်ထိတော့ သင်္ဘောက မြုပ်သွားတာမရှိသေးဘူး"လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင် ခဲ့သူတစ်ဦးက ပြောပါတယ်။
တိမ်းမှောက်ခဲ့တဲ့ သင်္ဘောမှာ အရက်၊ ဘီယာနဲ့ ခေါက်ဆွဲခြောက်စတဲ့ စားသောက်ကုန်တွေ တင်ဆောင်လာကာ ရန်ကုန်မြို့ကနေ မြိတ်မြို့သို့ သွားရောက်မယ့် ကုန်တင်သင်္ဘောတစ်စီးဖြစ်ပြီး တိမ်းမှောက်မှုကြောင့် ရေယာဉ်ပေါ်မှာ ပါဝင်သူတွေ ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ပါဘူး။