ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကတ် (အလုပ်လုပ်ခွင့်လက်မှတ်) ပြုလုပ်ဖို့ ပွဲစားအချို့က ကြိုတင် စာရင်းကောက်တာ၊ ကြိုတင်ငွေ တောင်းခံတာတွေ ရှိနေပြီး ငွေကြေး အလိမ်မခံရအောင် အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက သတိပေးလိုက်ပါတယ်။
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ရွှေ့ပြောင်းလုပ်သားတွေအတွက် ထုတ်ပေးတဲ့ ပန်းရောင်ကတ်ကို ထိုင်းအစိုးရ တရားဝင် မထုတ်ပြန်သေးခင် လုပ်သားတွေအနေနဲ့ ငွေကြိုပေးစရာမလိုဘဲ အလိမ်မခံရအောင် MHAC မဟာမိတ်အဖွဲ့ က သတိပေး ပြောဆိုလိုက်တာပါ။
"အဓိကကတော့ ဒီလိုဖြစ်စဉ်တွေဟာ အရင် ပန်းရောင်ကတ်တွေ လုပ်တိုင်းလုပ်တိုင်းမှာ အကြိမ်ကြိမ် ဖြစ်ခဲ့တယ်။ အဲ့လိုပဲ ပန်းရောင်ကတ်လုပ်မယ်လို့ သတင်းလေး နည်းနည်းကြားရင် ကြိုကောက်ထား၊ သူ့ဘာသူ လုပ်ဖြစ်သည်ဖြစ်စေ မလုပ်ဖြစ်သည်ဖြစ်စေ၊ မှန်မှန်ကန်ကန် လုပ်တဲ့ ပွဲစားတွေ ရှိတယ်။ အဲ့လိုပဲ ငွေကြိုကောက်ထားပြီး တကယ်လည်း ပန်းရောင်ကတ်လုပ်ရော ပိုက်ဆံပြန်မပေးတဲ့ ပွဲစားတွေလည်း အင်မတန် များတယ်။ အဲ့လို တိုင်ချက်တွေလည်း ဖုန်းက ကိုင်လို့ မနိုင်အောင် လာကြတယ်။
"အမှန်ဆို ပန်းရောင်ကတ်လုပ်တာက ထိုင်းအစိုးရက အသံလေးထွက်ရုံရှိသေးတယ်။ ပိုက်ဆံတွေ ကြိုကောက်နေကြတာ။ နောက်တချက်က ပန်းရောင်ကတ်လုပ်ဖို့ကို စာရင်းပေးတာ နာမည်စာရင်း ပေးတာကို လက်ခံတယ်။ ငွေကြိုကောက်တာကို လုပ်စရာ မရှိဘူး။ ငွေကြိုပေးတာတွေ၊ အလိမ်ခံရတဲ့ အလုပ်သမားတွေက ခေတ်အဆက်ဆက် ရှိခဲ့တယ်။ လက်တွေ့လည်း ကြုံခဲ့တယ်။ ပန်းရောင်ကတ်ကို ပိုက်ဆံ ကြိုကောက်တာ မှားနေတယ်"လို့ MHAC (Myanmar Humanitarian Action Center) ဥက္ကဋ္ဌ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ ပန်းရောင်ကတ်တွေကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းက ထုတ်ပေးခဲ့တာပါ။ ဒီနှစ်မှာတော့ အသစ်လုပ်ပေးမယ့်အချိန်ကို တရားဝင် မထုတ်ပြန်သေးပေမယ့် ပန်းရောင်ကတ် အသစ် ရိုက်ပေးမယ်ဆိုတဲ့ သတင်းတွေကြောင့် လူမှုကွန်ရက် စာမျက်နှာတွေမှာ ကြိုတင် စာရင်းပေးလို့ရကြောင်း ကြေညာတာတွေ ရှိပါတယ်။
ပုံမှန်အားဖြင့် ပန်းရောင်ကတ် ပြုလုပ်ခဟာ တနှစ်နဲ့ တနှစ် လုပ်ဆောင်ရတဲ့ ပုံစံ၊ ပေးချေရတဲ့ ကုန်ကျငွေ မတူညီဘဲ ထိုင်းအစိုးရ တရားဝင် ကောက်ခံတဲ့ငွေနဲ့ ပွဲစားတွေကို ပေးဆောင်ရတဲ့ ငွေက ၁၀ ဆလောက် ကွာဟတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံမှာ ပွဲစားတွေကနေ ကြိုတင်ငွေယူ လိမ်လည်တဲ့ ဖြစ်စဉ်တွေဟာ အဆိုးဝါးဆုံး အခြေအနေကို ရောက်နေပြီး၊ ငွေအလိမ်ခံရရင် သက်သေ အထောက်အထား အပြည့်အစုံရှိမှဘဲ ထိထိရောက်ရောက် ကူညီပေးနိုင်တာလို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က ပြောပါတယ်။
"ပန်းရောင်ကတ်တွေ ပြုလုပ်တဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ မပြုလုပ်တဲ့အချိန်မှာ ကြိုတင်ငွေယူ လိမ်တာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံမှာ ပွဲစားလိမ်လည်မှုတွေက အဆိုးဝါးဆုံး အခြေအနေရောက်တယ်။ ကျနော်တို့ ထိပ်တိုက် ဖြေရှင်းတဲ့အခါ အောင်မြင်တာတွေ ရှိတယ်။ မအောင်မြင်တာတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို အချက်အလက် အပြည့်အစုံ ရထားမှ အမှုတွေ သွားဖွင့်လို့ရမှာ။"
"ဒါပေမဲ့ ကျနော်တို့ မြန်မာလူမျိုး တော်တော်များများမှာ အချက်အလက် အထောက်အထား အပြည့်အစုံ မရှိလို့ တချို့ ကိစ္စတွေမှာ ထိရောက်စွာ ကူညီနိုင်တာ မရှိပါဘူး။ ကျနော်တို့ဆီ လာအကူညီတောင်းရင် အသေးစိတ်စစ်ရတယ်။ အဲဒီအခါ တင်ပြနိုင်တဲ့ အထောက်အထား ရအောင် တောင်းရတယ်။ အဲဒါတွေ တခုမှ မတင်ပြနိုင်ရင် အောင်မြင်စွာ ဖြေရှင်းဖို့က ခက်တယ်" လို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ပန်းရောင်ကတ် ပြုလုပ်ခ အလုပ်သမားတဦးကို ဘတ် ၁၀၀ နဲ့ အလုပ်လုပ်ကိုင်ခွင့် စာအုပ်အတွက် ဘတ် ၉၀၀ သာ ထိုင်းအစိုးရဆီ တရားဝင် ပေးချေရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ထိုင်းဘတ် ၁ သောင်းခွဲလောက်အထိ ပွဲစားတွေကို ပေးရတယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။
ပန်းရောင်ကတ်ဟာ တနှစ်ကို သက်တမ်း ၂ ကြိမ် တိုးခွင့်ရှိပြီး ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ်နဲ့ အလုပ်လုပ်ကိုင်သူ အလုပ်သမားအရေအတွက် ၇ သိန်း နီးပါးရှိတယ်လို့ သိရပါတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားပေါင်း ၅ သန်းနီးပါး ရှိပြီလို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက ခန့်မှန်းထားပါတယ်။
ဇွဲသစ်