ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ရန်ကုန်-ပဲခူး ကားလမ်းမကြီးပေါ်ရှိ တရားရုံးရှေ့မှာ မတ်လ ၁၇ ရက် ဒီနေ့မနက် ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လှည်းကူးမြို့နယ်တရားရုံးရှေ့မှာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပြီး လူနာတင်ယာဥ်နဲ့ စစ်ကောင်စီတပ်သားတွေ ရောက်နေတယ်လို့ မြို့မရပ်ကွက်နေသူတဦးက ပြောပါတယ်။
“တရားရုံးရဲ့ဝင်ပေါက်မှာ ဗုံးပေါက်တာ၊ ဒဏ်ရာရသူတွေရှိတယ်၊ လူနာတင်ယာဥ်နဲ့ သယ်သွားတာတွေ့တယ်၊ စစ်တပ်ကတော့ ပိတ်ပြီးစစ်နေတယ်။”
တရားရုံးအဝင်ဝမှာ ဗုံးပေါက်ကွဲမှုဖြစ်တာကြောင့် အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့ပြီး လှည်းကူးမြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“တဦးတော့ထိတယ်၊ ဌာနဆိုင်ရာဝန်ထမ်းလား၊ အပြင်လူလား မသိဘူး။ အခု လှည်းကူးဆေးရုံကို ပို့ထားတယ်။”
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ လှည်းကူးစုပေါင်းရုံး၊ လှည်းကူးစျေးနဲ့ တာဆုံမှာ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ကလည်း မြောက်ဥက္ကလာပမြို့နယ် ဃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးနဲ့အပစ်ခံရပြီး ပေါက်ကွဲခဲ့လို့ စစ်ကောင်စီတပ်က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေကလည်း ရန်ကုန်က မြို့နယ်တချို့မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ သေဆုံးခဲ့ပါတယ်။