ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက်၊ နွယ်နီ ၅ လမ်းပေါ်ရှိ ဃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မတ်လ ၁၆ ရက် ဒီနေ့ နေ့လယ် ၂ နာရီက ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
“ရုံးမှာ ဗုံးပေါက်တာ ရပ်ကွက်ထဲမှာ အကုန်လန့်သွားတယ်။ ခေမာသီနဲ့ မေဓာဝီဘက် အတော်လေးစစ်တယ်။ သေတာတို့ ဒဏ်ရာရတာတို့တော့ မကြားဘူး။”
ဃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ နေ့လယ် ၃ နာရီဝန်းကျင်က အမည်မသိ အမျိုးသားတဦးက ဗုံးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“သေတယ်လို့တော့ မကြားဘူး။ စစ်တပ်ကတော့ ပိတ်ပြီးစစ်နေတာတွေ ရှိတယ်။ ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး တူးဘောက်တွေ ဖွင့်ခိုင်းတယ်။ ဆိုင်ကယ်တွေဆို ပိုက်ဆံပေးမှ ပြန်လွှတ်တယ်။”
လတ်တလောမှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ယာဥ်ထိန်းတွေက ခြောက်ကွေ့၊ မေဓာဝီ၊ ခေမာသီနဲ့ သုံးလမ်းဆုံဘက်မှာ ဆိုင်ကယ်နဲ့ ကားတချို့ကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ ဃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်မှုကို Yangon Underground Force (YUF) နဲ့ Freeland Attack Force (FlA)၊ Emerald Girls Army (EGA) တို့ ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့လတွေကလည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိပြီး စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့က သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိပါတယ်။