ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မတ် ၁၃ ရက်က ဆိုင်ကယ်မောင်းလာသူဆီမှ ငွေ သိန်း ၂၀ ကျော် လုယက်သွားသူကို ရဲကဖမ်းဆီးလိုက်ပြီး စစ်ဆေးရေးလုပ်နေချိန်မှာပဲ ရဲစခန်းအချုပ်ကနေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဇီးကုန်းရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ကိုမိုးခိုင် တို့လင်မယားက ပြည်မှာ ကျောင်းတက်နေတဲ့သားကို စရိတ်ထောက်ဖို့လာတာ။ ရွှေကြို့ပင်ရွာအနီးမှာ ဆိုင်ကယ်နဲ့လိုက်လာသူတယောက်က လမ်းက ဖြတ်လုသွားတာ၊ သိန်း ၂၀ ကျော် ပါသွားတာ။ အမျိုးသားလုပ်သူက သူ့ငွေအိတ်ပါသွားတော့ ဆိုင်ကယ်နဲ့လိုက်ရင်း ဆိုင်ကယ်မှောက်လဲတာကြောင့် အမျိုးသားလုပ်သူက တော်တော်လေး ဒဏ်ရာပြင်းထန်တယ်။ ပထမတော့ ဇီးကုန်းဆေးရုံမှာ တင်ထားရင်းနဲ့ အခြေအနေမကောင်းလို့ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်ပို့ထားရတယ်။ သူ့မိန်းမကတော့ ဆေးရုံမှာ လိုက်စောင့်နေတယ်” လို့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
CDM ဇီးကုန်းရဲတယောက်က “တရားခံကိုတော့ အဲဒီဖြစ်ဖြစ်ချင်းညမှာပဲ သူတို့ သွားဖမ်းလာကြတာ မိလာတယ်။ သူ့ကို နယ်ထိန်းအခန်းထဲမှာ နယ်ထိန်း ၄ ယောက်က စစ်တာ၊ စစ်ရင်း သူတို့ ခဏနားပြီးအိပ်နေချိန်မှာ သော့ယူပြီး တံခါးကနေပဲ ထွက်ပြေးသွားတာ။ သူတို့က အမြဲတမ်း အဲဒီလိုပဲ။ အမှုကို တော်တော်နဲ့မဖွင့်ကြဘူး။ တကယ်လို့ ရှင်းရသွားရင် ဖွင့်စရာမလိုတော့ဘူးပေါ့။ ရှင်းမရတာနဲ့ တရားခံမမိဘူးဆိုရင်တော့ အမှုကို ချက်ချင်းဖွင့်ကြတယ်။ အမှုတွေများရင်လည်း အပေါ်ကို ထုချေလွှာတင်ရတာ” လို့ ပြောပါတယ်။
ဇီးကုန်းမြို့နယ်ထဲမှာ လောင်းကစားဝိုင်းတွေကို ကျေးရွာအလိုက် ရက်ပျက်မရှိ ရဲကြေးယူ ခွင့်ပြုထားပြီး နိုင်ငံရေးမလုပ်ရင်ပြီးရော၊ လိုင်းကြေးသာ ပုံမှန်ပေးရင် ဒေသတွင်းရဲတွေကတောင် လာပြီးစောင့်ရှောက်ပေးနေတာကြောင့် ဒေသတွင်းမှာ ဆိုင်ကယ်ခိုးမှု၊ လုယက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတယ်လို့ ဇီးကုန်းမြို့ နေသူတယောက်က ပြောပါတယ်။
အခုကိစ္စနဲ့ပတ်သက်ပြီး ဇီးကုန်းမြို့မရဲစခန်းကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေခဲ့ပါဘူး။