ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မော်မောင်းလျှံကျေးရွာက ကေအိုင်အေ ဒုတိုက်နယ်မှူး တန်ဆိုင်းရဲ့နေအိမ်ကို စစ်ကောင်စီတပ်က မတ်လ ၁၅ ရက် ဒီနေ့မနက် ၅ နာရီကျော်က ဝင်ရောက်စီးနင်းပြီး လူ ၆ ဦးကို ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ရှင်ဖြစ်သူ ဒုတိုက်နယ်မှူး တန်ဆိုင်းမှာ ဖမ်းဆီးခံရတာမရှိပေမဲ့ နော်လီ၊ ဒွဲဂျာ၊ လအောင်၊ ဂွမ်ထန်နော်အောင်၊ ဆွတ်လွတ်နော်လတ်နဲ့ အမည်မသိသူတဦး စုစုပေါင်း ၆ ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဖားကန့်ဒေသမှာ ရပ်ကွက် ကျေးရွာအုပ်စုအလိုက် KIA/KIO တိုက်နယ်မှူး၊ ဒုတိုက်နယ်မှူးတွေက အုပ်ချုပ်ရေးမှူးအနေနဲ့ ဆောင်ရွက်ကြပြီး အခွန်ငွေကောက်ခံမှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
မတ်လ ၁၁ ရက်ကလည်း ဖားပြင်ကျေးရွာမှာ ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး လူ ၇ ဦးလောက်ကို ဖမ်းဆီးသွားပါတယ်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာတော့ မတ် ၁၄ ရက် နေ့လယ်က စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး စစ်ရှောင်တဲနှစ်လုံးကို မီးရှို့ဖျက်ဆီးကာ ဒေသခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားပါတယ်။
ကျောက်ကြီးကျေးရွာမှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ သာယာကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး စစ်ရှောင်တဲနှစ်လုံးကို မီးရှို့ကာ ဒေသခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နေ့လယ် ၃ နာရီလောက် ကျောက်ကြီးဘက်ကနေ စစ်ကြောင်းထိုးလာတာ။ သာယာကုန်းကျေးရွာ ဝင်ကတည်းက နှစ်ဖွဲ့ခွဲပြီး ပစ်ခတ်ဝင်လာတယ်။ သတင်းကြားလို့ ကြိုတင်ရှောင်ရှားနေသူတွေ လည်း ရှိတယ်။ စစ်ကြောင်းက နှစ်ဖွဲ့ခွဲဝင်လာတော့ ရှောင်ခါနီးသူတွေ ၁၀ ဦးထက်မနည်း ဖမ်းခံထားရတယ်။ အခင်းထဲက စစ်ရှောင်တဲနှစ်လုံးကိုလည်း မီးရှို့သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ သာယာကုန်းကျေးရွာအတွင်းက စပါးတင်း ၂၀၀ ကျော်ပါ စစ်ရှောင်တဲနှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်း တပ်စွဲထားတယ်လို့လည်း ပြောပါတယ်။
သာယာကုန်းကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ မြို့လှ KPDF တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။