ထိုင်းနိုင်ငံအလယ်ပိုင်း၊ ချချိန်းဆောင်းမြို့ လမ်းလယ်ခေါင်မှာ မြန်မာအလုပ်သမ ၁ ဦးကို မြန်မာအမျိုးသား ၁ ဦးက အကြမ်းဖက် ရိုက်နှက်ခဲ့လို ရွှေဆွဲကြိုး ၁ ကုံးလည်း ဆုံးရှုံးသွားခဲ့ပါတယ် ။
စက်ရုံအလုပ်သမ မကြူကြူဝင်းဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်က လမ်းပေါ်မှာ တယောက်တည်း လျှောက်လာစဉ် မြန်မာအလုပ်သမား အောင်မျိုးသူက ကိုယ်ထိလက်ရောက်အကြမ်းဖက်ပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ အကြမ်းဖက်ခံရသူကို အကူအညီပေးနေတဲ့ MHAC စင်တာဝန်ခံ ကိုရဲမင်းက ပြောပါတယ်။
“တရပ်ကွက်တည်းနေတဲ့ အလုပ်သမားချင်းချင်းပါပဲ။ မိန်းကလေးက အကြမ်းဖက်ခံရပြီး ထိုင်းရဲ သွားတိုင်ရင် သတ်ပစ်မယ်လို့ အခြိမ်းခြောက်လည်းခံနေရတယ်။ သူတို့ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းမှာ လည်ပင်းက ရွှေဆွဲကြိုးလည်း ပျောက်သွားတယ်၊ အကူအညီလည်း မဲ့နေတယ်လို့ တိုင်ကြားလာလို့ ကျနော်တို့အဖွဲ့က သွားပြီး ကူညီခဲ့တာပါ၊ အရင်က သူတို့ချင်း ကိုယ်ရေးကိုယ်တာ ဘာပြဿနာရှိလဲတော့ မသိဘူးပေါ့နော်၊ ဒါပေမဲ့ မိန်းကလေးတယောက်ကို အနိုင်ကျင့်တာ၊ မျက်နှာတွေ ဖူးရောင်အောင်လုပ်ထားပြီး သံချွန်နဲ့ပါ ထိုးထားတာတွေအတွက် ရဲစခန်းမှာသွားပြီး တိုင်ချက်ဖွင့်ပေးခဲ့ပါတယ်။”
အောင်မျိုးသူကို စခန်းမှာ လာရောက်ဖြေရှင်းဖို့ ရဲစခန်းက ဆင့်ခေါ်ထားပေမယ့် ဖုန်းထဲကနေ ပြေလည်အောင်လုပ်ပေးမယ်လို့ပြောပြီး ဒီကနေ့ထိ ရောက်မလာကြောင်း၊ အချိန်အတိုင်းတစ်ခုထိ ရဲစခန်းကို မရောက်လာရင် ဖမ်းဝရမ်း ထုတ်ခံရမယ်လို့ ကိုရဲမင်းက ပြောပါတယ်။
ကိုရဲမင်းဟာ AAC အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ကဖြစ်ပြီး အခု အလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့သူတို့အဖွဲ့ကို MHAC ( Myanmar Humanitarian Action Center ) ဆိုတဲ့အမည်နဲ့ ထိုင်းမှာ တရားဝင်မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။