မွန်ပြည်နယ်မှာ အချိန်အခါမဟုတ်မိုးရွာသွန်းလို့ နေလှန်းဆားကွင်း အားလုံးနီးပါး ထိခိုက်ပျက်စီးပြီး ဆားပိဿာချိန် သောင်းနဲ့ချီ ဆုံးရှုံခဲ့ရတယ်လို့ ဆားတောင်သူတွေက ပြောပါတယ်။
မတ် ၁၂ ရက်နေ့ ညပိုင်းနဲ့ မတ် ၁၃ ရက် မနက်ပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့် ပြည်နယ်ထဲက နေလှန်းဆားကွင်း အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပြီး ဆားကွင်းဖျက်မိုး ရင်ဆိုင်ခဲ့ရတဲ့ ဆားတောင်သူတွေဟာ ဆားကွင်းအမျိုးအစားအပေါ်မူတည်ပြီး ကျပ်သိန်းရာနဲ့ချီ အရှုံးပေါ်ခဲ့ကြပါတယ်။
မွန်ပြည်နယ်မှာ နေလှန်းဆားလုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလကနေ မေလအလယ်ထိ လုပ်ကိုင်ကြဖြစ်ပြီး ဒီနှစ်မှာတော့ မိုးဖျက်တာကြောင့် ဆားထွက် နောက်ကျနိုင်တဲ့အတွက် ဆားဈေးနှုန်းထပ်မံ မြင့်တက်လာဖို့ ရှိနေတယ်လို့ ဆားတောင်သူတွေက ဆိုကြပါတယ်။
ဆားတောင်သူတယောက်ကလည်း ဆားကွင်းဖျက်မိုးကြောင့် ဆားကွင်းတွေပြင်ဆင်ဖို့ အလုပ်သမားစရိတ်အပါအဝင် အထွေထွေကုန်ကျစရိတ်အတွက် အခက်အခဲရှိတယ်လို့ ပြောပါတယ်။
တဖက်မှာတော့ ဆားတောင်သူတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်တာကာလအတွင်း အလုပ်သမား ရှားပါးလာတာ၊ စက်သုံးဆီ အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။
ဒါပေမဲ့ ဆားဈေးနှုန်းကတော့ တပိဿာ ကျပ် ၁၆၀ ဝန်းကျင်မှာသာ ပေါက်ဈေးနှုန်းရှိနေတာကြောင့် တွက်ခြေမကိုက်ဘူးလို့ ဆားတောင်သူတွေထံကနေ သိရပါတယ်။
ဒါ့အပြင် စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း အထက်အညာဒေသက ဆားမှာယူမှု သိသိသာသာ ကျဆင်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
ဆားတောင်သူတွေဟာ နေလှန်းဆားလုပ်ငန်းတွေကို မိရိုးဖလားလုပ်ငန်း တခုအနေနဲ့ အရှုံးခံ ဆက်လက်လုပ်ကိုင်နေကြပေမယ့် ဒီဆားရာသီမှာလည်း ထပ်အရှုံးပေါ်ရင် လုပ်ငန်းတွေ အပြီးအပိုင် ရပ်နားလာနိုင်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာ နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့တို့မှာ အဓိက ထုတ်လုပ်နေတာ ဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိနေသလို ထွက်ရှိလာတဲ့ နေလှန်းဆားတွေကိုတော့ မန္တလေး၊ ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးကို အဓိက တင်ပို့ရောင်းချနေတာပါ။