ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာမှာ မတ် ၁၂ ရက် ည ၇ နာရီလောက်က ထရန်စဖော်မာ တည်ဆောက်ဖို့ ရောက်နေတဲ့ ရန်ကုန်နဲ့ ပဲခူးတိုင်းက လျှပ်စစ်ဝန်ထမ်း နှစ်ယောက် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဓားနဲ့ထိုးရာမှာ တယောက် သေဆုံးသွားတဲ့အတွက် ပြစ်မှုကျူးလွန်သူကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က ဖမ်းဆီးအရေးယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ လျှပ်စစ်ဝန်ထမ်းနှစ်ဦးက အရက်ဆိုင်ကအပြန် တည်းခိုတဲ့အိမ်မှာ စကားများရာကနေ အခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း တိမ်ညိုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သူတို့ ၂ ယောက်ဟာ မတ် ၁၄ ရက်က မကွေးကနေ မြောက်ဦးဘက်ကို ထရန်စဖော်မာ တည်ဆောက်ဖို့ ရောက်နေကြတာဖြစ်ပြီး ဓားထိုးမှု ကျူးလွန်ခဲ့သူက ရန်ကုန်တိုင်းက လျှပ်စစ်ဝန်ထမ်းဖြစ်ကာ သေဆုံးသွားသူကတော့ ပဲခူးတိုင်းက လျှပ်စစ်ဝန်ထမ်းဖြစ်တယ်လို့ ဒေသခံ တဦးက ဆိုပါတယ်။
ULA/AA အနေနဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေကို ရခိုင်ပြည် တခုလုံး လွှမ်းခြုံနိုင် အောင် ကြိုးပမ်းနေတယ်လို့လည်း ဖေဖော်ဝါရီ ၂၇ ရက်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ULA/AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားပါတယ်။