တနင်္သာရီတိုင်း မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ကလွင်သင်္ချိုင်းအောက်ဘက် ကျားပါးစပ်ရွာက လယ်ကွင်းမှာ မတ် ၁၁ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်းတည့် ၁၂ နာရီလောက် စတင်မီးလောင်ခဲ့ပြီး ညနေ ၆ နာရီ ၁၀ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗဟိုမီးသတ်ဌာန၊ ကလွင်၊ ရေပုန်း၊ မြိတ်တောင်၊ ထားဝယ် စုရပ်ကွက်က အရန်မီးသတ်ဌာနတွေ ပါဝင် မီးငြိမ်းသတ်ခဲ့ပြီး လယ်ဧက ၁၀၀ နီးပါး လောင်ကျွမ်းခဲ့တယ်လို့ မီးသတ်ရာမှာ ကူညီပေးသူတွေက ပြောပါတယ်။
အပူလွန်ပြီး မီးလောင်မှုဖြစ်ပွားတာလို့ မီးသတ်ဌာနက ပြောပေမယ့် မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကလွင်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ မြိတ်မြို့ရဲ့ စွန့်ပစ်အမှိုက်ပုံဟာလည်း မတ် ၆ ရက်မှ ၈ ရက်အထိ မီးလောင်ခဲ့ပါသေးတယ်။
မတ်လအတွင်း ကလွင်ကျေးရွာမှာ မီးလောင်မှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်တွေနဲ့ ဒေသခံတွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။