မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ယာဥ်တန်းကို မတ် ၁၁ ရက်မှာ ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှု ရှိတယ်လို့ တကောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သိရပါတယ်။
မတ္တရာမြို့နယ်ကနေ စစ်ကိုင်းတိုင်းဘက်ကို စစ်ကား ၄၉ စီးနဲ့လာတဲ့ စစ်ယာဥ်တန်းကို သပိတ်ကျင်းမြို့နယ်ထဲမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တကောင်းမြို့နယ်ပကဖ တာဝန်ရှိသူက "သူတို့တက်လာတယ်လို့ သတင်းရလို့ မိုင်းကြိုတင် ထောင်ပြီး ဆွဲခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်တော့ သူတို့တွေ ကားတွေရပ်ပြီး ဆင်းတဲ့သူက ဆင်း၊ ကားပေါ်က ပစ်တဲ့ သူက ပစ်ခဲ့ကြပါတယ်"လို့ ပြောပါတယ်။
တကောင်းလမ်းဆုံနားက ကျွဲကူးကန်နားမှာ ရှေ့ပြေးစစ်ကား ၃ စီးကို မိုင်း ၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ယာဥ်တန်းက ဆက်လက်မောင်းနှင်သွားတာကြောင့် တကောင်း ၆ မိုင်နားက နောင်လုံသံတံတားနားမှာ မိုင်း ၃ လုံးနဲ့ ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ လောက် အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ တကောင်းပကဖ ကသိရပါတယ်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်က ဆက်လက်မောင်း နှင်သွားရာ အင်ပျံ ကျေးရွာနားမှာ မိုင်း ၅ လုံးနဲ့ ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တာဝန်ရှိသူက "မိုင်းဆွဲတော့ သုံးကြိမ်မြောက်မှာ ကားရှေ့ခြမ်းကို ထိ သွားပြီး ကားမောင်းသမား သေဆုံးတာတော့ မိုင်းသမားမျက်မြင်ပါ။ တခြားထိခိုက်သေဆုံးတာတော့ သူတို့ ကားလေးစီး နဲ့ ပြန်ခေါက်သွားတာကို မြေပြင်သတင်းအရသိရတာပါ" လို့ ပြောပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို တကောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ မတ် ၁၁ ရက်က ထုတ်ပြန်ပါတယ်။