ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်ရဲ့ အဝေးပြေးကားလမ်းမပေါ်မှာ သတ်မှတ်ကီလို ကျော်လွန် မောင်းနှင်လာတဲ့ အံစာတုံးအမျိုးအစား ကားတစီးကို မတ် ၉ ရက်က တာဝန်ကျ ယာဥ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ တရားမဝင်မြန်မာနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ကီလိုကျော်မောင်းနှင်လို့ စစ်ဆေးရာကနေ လူ ၁၈ ဦး ပြည့်ကျပ်စွာ လိုက်ပါလာတာကို တွေ့ရတဲ့အတွက် စစ်ဆေးရာမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ယာဉ်ထိန်းရဲတွေက စစ်ဆေးရာမှာ ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံအလယ်ပိုင်းမှာ အလုပ်လုပ်ကိုင်ဖို့ လာရောက်ခဲ့တာဖြစ်ပြီး ပွဲစားခ တယောက်ကို ဘတ် ၂၈,၀၀၀ ကနေ ၃၀,၀၀၀ အထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ စံခို့ရဲစခန်းကိုပို့ဆောင်ခဲ့ပြီး လက်ရှိမှာတော့ ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၃၀၀ နီးပါးလောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
မတ် ၈ ရက်ကလည်း ကော့သောင်း-ရနောင်း- ရေလမ်းကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦး နဲ့ လမ်းပြ ၃ ဦးကို နရာထိဝါ့ခရိုင်ထဲမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။