တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာမှာ မတ် ၁၀ ရက်က စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
မနေ့ မနက် ၇ နာရီလောက်က ဇဝဲကျေးရွာအုပ်စု၊ ဆန်းသစ်ကျေးရွာကနေ လယ်သစ် အရှေ့ကမ်းကို စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ အများအပြား ထိခိုက်ခဲ့ကာ ၃ဝဝဝ ကျော် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးအထောက်အကူတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "လယ်သစ်အရှေ့မှာ နေအိမ် ၃ လုံးပျက်စီးပြီးတော့ ကလေး တယောက် ပွဲချင်းပြီးဆုံးတာပါပဲ။ ရွာမှာတော့ ရွာသားတွေ မရှိတော့ဘူး။ အဝေးကနေလှမ်းပစ်တာဆိုတော့ မနေရဲလို့။ ကမ်း ၂ ဘက်က လယ်သစ်ရွာက အိမ်ခြေ ၆၀၀ ကျော်လောက် ရှောင်နေရတယ်” လို့ ဆိုပါတယ်။
စစ်တပ်ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေး ၁ ယောက် သေဆုံးပြီး ဒေသခံ ၇ ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အရင်ကလည်း အခုလို ပစ်ခတ်တာကြောင့် တရွာလုံးနီးပါး ထွက်ပြေးကြရာမှ ပြန်လည်နေထိုင်တာ မကြားသေးဘူးလို့ သိပါတယ်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအနီးမှာလည်း မတ် ၉ ရက်က စစ်ကောင်စီ(ရေ)တပ်နဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား နှစ်ဖက်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
မတ် ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ သော်တောင်ငယ်ကျေးရွာနဲ့သံပြာကျေးရွာအနီး ချောင်းရိုးအတွင်း ပျူစောထီးအပါအဝင် စစ်ကောင်စီ (ရေ)တပ်က စစ်သင်္ဘောအငယ် ၂ စီး၊ သားပေါက် ၁ စီးတို့နဲ့ စီးနင်းဝင်ရောက်လာခဲ့ရာ ပြည့်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဘန္ဒနဲကျေးရွာအနီး စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
"သူတို့ဘက်က သတင်းပေးကို ရှင်းလိုက်လို့ ခုလို ရောက်လာတာလည်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လမ်းမှာဖြတ်တိုက်တော့ သူတို့ဘက်က ကျဆုံးသူတွေများတယ်၊ တိုက်ပွဲ ဖြစ်ပြီးတော့ အထိအခိုက်မရှိ ပြန်ဆုတ်လာနိင်ပါတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ပြောပါတယ်။
တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီ တပ်ဘက်က ၃ ဦးသေဆုံး ၄ ဒဏ်ရာရခဲ့တယ်လို့ သိရပေမယ့် ဒီဗွီဘီ အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီ (ရေ)တပ်ကို မကြာခဏ သတင်းပေးနေတဲ့ ဘန္ဒနဲကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာနေ အမျိုးသမီးတဦးကို မတ် ၅ ရက်နေ့မှာ ကျွန်းစုမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) က သွားရောက်ရှင်းလင်းခဲ့တယ်လို့ ပြောပါတယ်။
ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဟာ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပးပေါင်းပြီး တနင်္သာရီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မကြာခဏ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။