လှည်းကူးမြို့နယ် ကျောက်ကုတင်ကျေးရွာမှာ မတ် ၁၀ ရက် ည ၇ နာရီခွဲက နေအိမ်တအိမ် ဓား ပြတိုက်ခံရပြီး ငွေသိန်း ၁၀၀ ကျော်နဲ့ အိမ်စီးကားတစီး ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ကုတင်ကျေးရွာနေ ဆောက်လုပ်ရေး နဲ့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ ဦးကိုကိုရဲ့ နေအိမ်ကို အမည်မသိအမျိုးသား ၇ ယောက်က လက်နက်ကိုင်ဆောင်ကာ ဝင်လာပြီး ဓားပြတိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"ဓားပြတိုက်ခံရတဲ့အိမ်က လူဝင်လူထွက်များတယ်။ ညက ဓားပြတိုက်တော့လည်း လူအများကြီး လာတိုက်တာလို့ ကြားတယ်။ ဘယ်သူမှ မမေးရဲဘူး ခေါ်အစစ်ခံရမှာစိုးလို့။ ဒါပေမဲ့ ပွဲစားအချင်းချင်းဆိုတော့ သတင်းကညကတည်းက ပြန့်နေတာ ငွေကတော့ သိန်းရာချီနဲ့ မာစီဒီးတစီးပါသွားတယ်”လို့ ပြောနေကြတယ်။"
ဓားပြတိုက်သူတွေဟာ အိမ်ရှင်နဲ့မိသားစုတွေကို ဧည့်ခန်းမှာ ချုပ်နှောင်ထားပြီး ငွေသိန်း ၁၀၀ ကျော်နဲ့မာစီဒီးကားတစီးယူသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။
"လူကို ဘာမှမလုပ်သွားတာပဲ ကံကောင်းတယ်လို့ ပြန်ဖြေရမှာပေါ့။ ဓားပြတိုက်ခံရတာ လမ်းထဲ က လူတွေတောင်မသိဘူး။ စစ်သားတွေ ရဲတွေလာမှ သိတာ။"
လက်တလောအခြေအနေထိ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ လှည်းကူးတာဆုံ၊ ဖောင်ကြီးလမ်းဆုံနဲ့ ဇရပ်ကွင်းလမ်းဆုံမှာ ပြစ်မှုကျူးလွန်သူတွေ ယူသွားတဲ့ မာစီဒီးကားကို စစ်ဆေးရှာဖွေပေမဲ့ ဖမ်းဆီးရမိခြင်း မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း လှည်းကူးမြို့နယ် ငြိမ်းချမ်းရေးရပ်ကွက်က မှုခင်း သတင်းထောက် တယောက်ရဲ့ နေအိမ် ဓားပြတိုက်ခံရပြီး ရွှေငွေလက်ဝတ်လက်စား သိန်း ၃၀၀ ဖိုးလောက် ပါသွားခဲ့တဲ့ ဖြစ်စဥ်ကိုလည်း ဖမ်းဆီးရမိတာမရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။