မွန်ပြည်နယ်ထဲက ကျေးရွာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ အခုရက်ပိုင်းအတွင်း ရွာသားတွေကို စစ်မှုထမ်းဖို့ တပ်သားသစ်တွေ စတင်ခေါ်ယူ စုဆောင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲက ရွာတွေအားလုံးမှာ တရွာကို အသက် ၁၈ နှစ်ကနေ ၄၀ ကြားအရွယ် အနည်းဆုံး လူ ၁၅ ယောက် စစ်မှုမထမ်းမနေရ သတ်မှတ်ထားပြီး စိတ်ဝင်စားတဲ့ လူငယ်လူရွယ်တွေ စစ်မှုထမ်းဖို့ ဝင်နေကြပါတယ်။
မွန်လူငယ်တဦးက “လက်ရှိအခြေအနေအရ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး မွန်ပြည်သစ်ပါတီရဲ့ ထိပ်တန်းလူတချို့လောက်ပဲ အကျိုးစီးပွားကို အသုံးချပြီး စစ်မှုထမ်းရမယ်ဆိုရင် မွန်ပြည်သစ်ပါတီထဲ ဝင်ရောက်မှာမဟုတ်ဘူး။ စစ်အာဏာရှင်ကို တွန်းလှန်မယ်ဆိုရင် ဆန္ဒအလျောက် စစ်မှုထမ်းဖို့ဆိုရင် လက်ခံကြိုဆိုတယ်” လို့ ပြောပါတယ်။
အခုလို စစ်မှုထမ်းတပ်သားသစ် ခေါ်ယူတာနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဘက်က လူသိထင်ရှား တရားဝင် သတင်းထုတ်ပြန် ပြောဆိုအသိပေးထားတာမျိုး မရှိသေးပါဘူး။
အခုလို မွန်ပြည်သစ်ပါတီဘက်က စစ်မှုထမ်း တပ်သားသစ်တွေ စတင်ခေါ်ယူနေတဲ့အပေါ်မှာ မွန်ပြည်သစ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေထဲမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
နိုင်ငံရေးလေ့လာသူတဦးက “စစ်ရေးကို နိုင်ငံရေးစားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာအဖြေရှာမယ့် နည်းလမ်းကိုသာ သွားခဲ့နေပေမဲ့ သက်ရောက်မှုက သိပ်ပြီးမထူးခြားလာတာရယ်၊ တနိုင်ငံလုံးမှာ စစ်ကောင်စီကို တိုက်ခိုက်ဆန့်ကျင်နေတဲ့အချိန်မှာ မွန်ပြည်သစ်ပါတီဘက်က တခြား တိုင်းရင်းသားလက်နက်ကိုင်တွေလို စစ်အင်အား တိုးချဲ့ပြင်ဆင်လာခဲ့တယ်။ မွန်ဒေသတခုလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ အခုလို စစ်အင်အားတိုးချဲ့လာတာ ဖြစ်တယ်” လို့ သုံးသပ်ထားပါတယ်။
ဒေသတွင်းမှာ ပြီးခဲ့တဲ့လတွေက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲတွေဖြစ်ခဲ့လို့ မွန်ရွာတွေအများစုပါဝင်တဲ့ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ကမ်းမလိုက်၊ မာလာတော၊ တလွဲထော်၊ ကော့ကွေး၊ မိဂလို၊ ကော့ကာ၊ ကမ်းနီ၊ ကော့ကြိုက်၊ ရွာကလေး၊ ကျောက်ဖျာ၊ မြေနီကုန်း၊ ကော့ဘိန်း၊ ကော့ပေါက်၊ ငှက်ပျောတော စတဲ့ရွာတွေထဲက ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေခဲ့ရပါတယ်။
မွန်ပြည်သစ်ပါတီဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လက်ခံပြီး နေပြည်တော်ကို ၃ ကြိမ်လောက် သွားရောက်ကာ စစ်ခေါင်းဆောင်နဲ့ရော စစ်ကောင်စီဩဇာခံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။