Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာမေးခွန်း ယခင်နှစ်ထက် ပိုလွယ်
lusane
·
March 9, 2023
335455328_1594466524369296_2255325564585741142_n

အခုနှစ်ကျင်းပနေတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ အင်္ဂလိပ်စာဘာသာမှာ ကျောင်းသားကျောင်းသူအများစု ဖြေဆိုနိုင်ခဲ့ကြပြီး မေးခွန်းက အရင်နှစ်ကမေးခွန်းထက် ပိုမိုလွယ်ကူတယ်လို့ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာတွေက ပြောပါတယ်။

စစ်ကောင်စီပညာရေးဌာနက ဒါကျက် ဒါဖြေ စနစ်ထက် စဉ်းစားတွေးခေါ်မှုကို ဦးတည်တဲ့ ပညာရေးစနစ်ကို လုပ်ဆောင်နေတယ်လို့ ကြွေးကြော်ခဲ့ပေမယ့် ဒီနှစ်နောက်ဆုံးဖြစ်တဲ့ စနစ်ဟောင်း/သင်ရိုးဟောင်း နောက်ဆုံးနှစ်အဖြစ် ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ အလွတ်ကျက်ဖြေဆိုရတဲ့ မေးခွန်းတွေကိုပဲ မေးမြန်းထားတာလို့ ကိုယ်ပိုင်ကျောင်းဆရာတဦးက ပြောပါတယ်။

“အင်္ဂလိပ်စာနေ့အထိတော့ မေးခွန်းတွေက အရမ်းခက်ခဲတာမရှိဘူး။ ဒီနေ့ အင်္ဂလိပ်စာဆိုတော့ အစက ကလေးတွေအတွက် ခက်ခဲမှာစိုးလို့ လန့်နေလို့ သေချာပြင်ဆင်ပေးခဲ့တယ်။ ဖြေပြီးလို့ မေးခွန်းကိုကြည့်လိုက်တော့ တော်တော်လေး လွယ်ကူတာကို တွေ့ရတယ်။ မနှစ်ကထက် ပိုလွယ်တယ်။”

အင်္ဂလိပ်စာဖြေဆိုတဲ့နေ့မှာ ရန်ကုန်မြို့၊ အင်းစိန် အထက ၁ စာစစ်ဌာနမှာ ဖြေဆိုခဲ့တဲ့ ကျောင်းသားတဦးကတော့ စာဖြေချိန် ၃ နာရီမတိုင်ခင် မေးခွန်းအားလုံးကို ဖြေဆိုပြီးစီးခဲ့တဲ့အတွက် စာဖြေခန်းမှ ထွက်ခွာချိန်ကိုပဲ ထိုင်စောင့်နေရကာ သူနဲ့အတူ တခန်းတည်း ဖြေဆိုကြတဲ့ ကျောင်းသားကျောင်းသူ အများစုလည်း ဖြေဆိုနိုင်ကြတယ်လို့ ပြောပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာစာဖြေဆိုတဲ့နေ့က ၁၆၁,၈၅၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အင်္ဂလိပ်စာဖြေဆိုတဲ့နေ့မှာ ၁၆၁,၆၈၁ ဦးသာ လာရောက်ဖြေဆိုခဲ့တဲ့အတွက် မ‌နေ့ကထက် ၁၇၀ ဦး ထပ်မံပျက်ကွက်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ စာစစ်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

မတ်လ ၁၀ ရက်နေ့မှာတော့ သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုရမှာဖြစ်ပြီး စနေနဲ့ တနင်္ဂနွေ ၂ ရက်နားပြီး တနင်္လာနေ့မှာ ဆက်လက်ကျင်းပမယ်လို့ စာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024