မန္တလေးမြို့၊ ၆၆ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းထဲက ဇလုံကြီး ဟင်းအနှစ်ထုပ်ဆိုင်ကို မတ်လ ၉ ရက် ဒီနေ့မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး ပိုင်ရှင်ဖြစ်တဲ့ အမျိုးသား ၁ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုင်အနီးနားနေသူတွေထံက သိရပါတယ်။
အမေရိကန်မှာနေထိုင်တဲ့ ဖေ့စ်ဘွတ်ခ်ဆယ်လီ ပန်ဆယ်လိုဖွင့်ထားတဲ့ ကုန်စုံဆိုင်မှာ ဇလုံကြီးဟင်းအနှစ်ထုပ်ကို တင်ရောင်းခဲ့တာနဲ့ပတ်သက်ပြီး စစ်တပ်လော်ဘီ လူမှုကွန်ရက်ကနေ သတင်းတင်ခဲ့ပြီးနောက် ဒီနေ့မနက်မှာ ဖမ်းဆီးခံခဲ့ရတာလို့ လတ်တလော သိရပါတယ်။
ဇလုံကြီးဟင်းအနှစ်ထုပ်ဆိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာတော့ ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှုမရှိကြောင်း မတ်လ ၈ ရက်က ဖြေရှင်းချက်ထုတ်ထားပါတယ်။
ဖမ်းဆီးခံရတဲ့ ဆိုင်ပိုင်ရှင်ကို လက်ရှိ ဘယ်မှာဖမ်းဆီးထားတယ်၊ ဘာအမှုနဲ့ အရေးယူထားတယ်ဆိုတာ မသိရသေးပါဘူး။
ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အခြေအနေကို အသေးစိတ်သိရဖို့ ဇလုံကြီးဟင်းအနှစ်ထုပ်ဆိုင် ဖြန့်ချိရေးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်ဖြေဆိုသူမရှိပါဘူး။