Home
မြန်မာသတင်း
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၄ ဦးနှင့် လမ်းပြ ၃ ဦး ဖမ်းဆီးခံရ
DVB
·
March 9, 2023
Myanmar arrested in Thailand

ထိုင်းနိုင်ငံတောင်ပိုင်း၊ နာရာသီဝပ်ခရိုင်၊ တာ့ခ်ဘိုင်မြို့ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးနဲ့ လမ်းပြခေါ်ဆောင်လာသူ ၃ ဦးတို့ မတ်လ ၈ ရက် မနက်ပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ကနေ နရာသီဝပ်ခရိုင်ထဲကို တရားမဝင် မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာတယ်လို့ သတင်းရရှိတဲ့အတွက် ထိုင်းအာဏာပိုင်တွေက သွားရောက်စစ်ဆေးခဲ့ရာ တာ့ခ်ဘိုင်မြို့ နာနတ်ကျေးရွာအုပ်စု ၁ ဘန့်ခေဘဲ့ရွာ နယ်နိမိတ်ထဲက တောလမ်းထဲမှာ မြန်မာနိုင်ငံသား ၁၄ ဦးနဲ့ မနီးမဝေးမှာ ရပ်ထားပြီး မလေးရှားနံပါတ်ပြား တပ်ဆင်ထားတဲ့ အန်ဇာတုံးကားပေါ်မှာ လမ်းပြခေါ်ဆောင်လာသူ ၃ ဦးကို ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မြန်မာနိုင်ငံသား ၁၄ ဦးက အမျိုးသား ၉ ဦး၊ အမျိုးသမီး ၅ ဦးနဲ့ လမ်းပြ အမျိုးသား ၃ ဦး စုစုပေါင်း ၁၇ ဦးဖြစ်ပြီး ထိုင်းအာဏာပိုင်တွေ စစ်ဆေးချက်အရ ကော့သောင်း-ရနောင်း ရေကြောင်းကနေ ခိုးဝင်လာတာလို့ သိရပါတယ်။

မြန်မာအလုပ်သမားတွေဟာ ဘန်ကောက်မြို့ကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ပွဲစားနဲ့ဆက်သွယ်ကာ ၁ ဦးကို ထိုင်းဘတ်ငွေ ၁၂,၀၀၀ ကနေ ၂၁,၀၀၀ အထိ လက်ငင်းပေးချေခဲ့ရပြီး ပွဲစားခ တဦးကို ဘတ် ၄၈,၀၀၀ ကနေ ၅၇,၀၀၀ ထိ ပေးခဲ့ရတာရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးနဲ့ လမ်းပြ ၃ ဦးတို့ကို ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ တာ့ခ်ဘိုင်မြို့ရဲစခန်းကို ပို့ဆောင်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်းမှာ ပြည်သူတွေ စားဝတ်နေရေး စီးပွားရေး ခက်ခဲအဆင်မပြေဖြစ်နေကြလို့  နည်းလမ်းပေါင်းစုံနဲ့ ပြည်ပကို ထွက်ခွာအလုပ်လုပ်ဖို့ ကြိုးစားနေသူတွေ ပိုများလာနေသလို  တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေလည်း ပိုများလာနေ တာပါ။

နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ပတ်စ်ပို့စ်ရုံးတွေကို နည်းပညာ အဆင့်မြှင့်တင်မယ်ဆိုပြီး စစ်ကောင်စီက ခဏပိတ်ခဲ့တာနဲ့   ပြန်ဖွင့်တဲ့အခါမှာလည်း အွန်လိုင်းကနေလျှောက်ထားရာမှာ အဆင်မပြေမှုတွေ အချိန်ကြာမြင့်မှုတွေကြောင့် နယ်စပ်ကနေ တရားမဝင်ထွက်ခွာသူတွေလည်း ပိုများလာနေတာပါ။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၀၀ နီးပါး အဖမ်းခံထားရတယ်လို့ စာရင်းကောက်ခံသူတွေရဲ့ မှတ်တမ်းအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024