ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ချောင်းစောက်ကျေးရွာမှာ မတ် ၈ ရက်က မှန်ပုံးနဲ့ ထည့်သွင်းပြသထားတဲ့ မြွေပွေးတကောင်ကို လူမှုကူညီရေးအသင်းသားတွေကကယ်ထုတ်ပြီး လူတွေနဲ့ ကင်းလွတ်တဲ့နေရာကိုပို့ဆောင်ခဲ့ပါတယ်။
ရွာနဲ့ ကျောင်းထိုင်ဆရာတော်ကို မြွေပွေးဖြစ်တဲ့အတွက် အန္တရာယ်များကြောင်း ရှင်းလင်းလျှောက်ထားပြီး ကယ်ထုတ်ခဲ့ရတယ်လို့ ရွှေမေတ္တာလူမှုကူညီရေးအသင်းက ထုတ်ပြန်ပါတယ်။
အဲဒီမြွေကို ချောင်းစောက်ကျေးရွာက ဘုန်းကြီးကျောင်းမှာ နဂါးရုံဘုရားတည်နေတဲ့ ကာလအတွင်း ရောက်လာတဲ့အတွက် ဖမ်းယူပြီး မှန်ပုံးနဲ့ထည့်သွင်းကာ ဘုရားမြွေလို့ သတ်မှတ်ထားတဲ့အတွက် လာရောက်ကြည့်ရှုသူ များပြားနေခဲ့တာဖြစ်ပြီး လူမှုကွန်ရက်မှာ တွေ့မိတဲ့အတွက် အခုလို မြေပြင်ဆင်း ဆောင်ရွက်ရတာဖြစ်တယ်လို့ သိရပါတယ်။
ဘုရားမြွေဆိုတာ လုံးဝမရှိသင့်ဘဲ သူတို့သဘာဝအလျောက် ကျက်စားနေထိုင်တာကသာ အကောင်းဆုံးဖြစ်ပြီး လူတွေအနေနဲ့ မြွေအန္တရာယ်ကို ဂရုစိုက်နေထိုင်ကြဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပြီး အခုကယ်လာတဲ့ မြွေကိုလည်း လူတွေနဲ့ ကင်းလွတ်တဲ့နေရာမှာ စနစ်တကျ လွှတ်ပေးခဲ့ကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီမြွေပွေးကိုတော့ ရွှေမေတ္တာလူမှုကူညီရေးအသင်း၊ M.A.N သွေးလှူဒါန်းမှုအသင်း (သန်လျင်)၊ စိမ်းလန်းသောမြေ (ကျောက်တန်း) နဲ့ 9 Group (သန်လျင်) လူမှုရေးအသင်းတို့ ပူးပေါင်းပြီး လူတွေနဲ့ကင်းလွတ်ရာ ပို့ဆောင်ရေး ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။